AFAZ Religious

AFAZ Religious

Share

Photos from AFAZ Religious's post 23/07/2023

ရှိုင်ခ် အလ်ဘာနီ-၅
++++++++++++++
တွေ့ရတဲ့ အထောက်အထားတွေအရ အလ်ဘာနီဟာ ဟဒီးဆ်ပညာအတွက် အတော်အကျိုးပြုခဲ့တာကို တွေ့ရတယ်။

တစ်နေ့က သူ့စာအုပ်တွေလေ့လာဖို့ ရှိုင်ခ် ရှာဟီးဒ်ဆီ ကျနော် ရောက်သွားခဲ့ပါတယ်။ တကယ်က သွားတာ စားပွဲ ဖိတ်လို့ပါ၊ ဖိတ်ကျွေးတာစားပြီး ရှိုင်ခ်က အလ်ဘာနီစာအုပ် ယူလာပြီး ကျနော့်ကို အသေအချာ တစ်ရွက်ချင်းလက်တန်း ဘာသာပြန် ရှင်းပြပါတယ်။ အားနည်းတဲ့ ဟဒီးဆ်များရဲ့ ဖြစ်ပေါ်ရာ အနေအထား အားလုံးကို စုပေါင်းပြီး ကမ္ဘာပေါ်က ဟဒီးဆ်ပညာရှင် အဆက်ဆက်ရဲ့ပေးခဲ့တဲ့ မှတ်ချက်တွေကို ယူလာပြီး ဟဒီးဆ်တစ်ပုဒ်ကို စာမျက်နှာ ၁၀ မျက်နှာ ၁၅ မျက်နှာအထိ ရှင်းတာ တွေ့ရတာပါပဲ။ ပညာရှင်ပီသတဲ့ အလ်ဘာနီဟာ သူ့အမြင်ကို ယူလာတာ သိပ်မတွေ့ရဘဲ ရှေးဟဒီးဆ်ပညာရှင် အဆက်ဆက်ရဲ့အဆို၊ မှတ်ချက်၊ ဆုံးဖြတ်ချက် တွေကိုပဲ ယူလာတာ တွေ့ရတယ်။

မိုးချုပ်သွားတဲ့အထိ ရှိုင်ခ်လည်း ကျနော့်ကိုအသေအချာ ရှင်းပြပါတယ်။ ဘယ် လူပုဂ္ဂိုလ်ရဲ့ မျက်နှာကိုမှ မထောက်ဘဲ ပညာရှင်ဆန်ဆန် ရေးသားထားတဲ့ သူ့စာအုပ်ကိုတွေ့မြင်ရပြီး ဒီလူ... ဟဒီးဆ်ပညာရပ်ကို အတော်လွယ်ကူအောင် လုပ်ပေးလိုက်တာပါလားလို့ တွေးမိသွားတယ်။ ဟဒီးဆ်ပညာရပ်နဲ့ ဘွဲ့ယူကြမယ့် ကျောင်းသားတိုင်းအတွက် သူ့စာအုပ်က မဖတ်မဖြစ် ဖတ်ရမယ့် စာအုပ်ဆိုတာ ပညာသင်ဖူးရင် အလွယ်သိနိုင်တယ်။ ဘယ်အဆိုကို ယူသည်ဖြစ်စေ ကျမ်းအမည် ပုံနှိပ်တိုက် စာမျက်နှာ..... စသဖြင့် တိတိကျကျ အညွှန်းပေး ရေးသားပြီး ကျမ်းစာအုပ်ကို ပြုစုထားလို့ ဒီလူ ဘယ်လောက် ဟဒီးဆ်ဖတ်ထားမလဲလို့ အံ့သြစွာနဲ့ တွေးမိပါတယ်။

တကယ်တော့ ဒါဟာ အလ်ဘာနီကို ငတာ့ (နေဇင်) အမြင်နဲ့ မြင်နေခြင်းပါ။ အလ်ဘာနီအဆင့်ကို ကျနော်လိုကောင်က ဝေဖန်ဖို့ သိပ်ဝေးလွန်းပါတယ်။ အားနည်းတဲ့ ဟဒီးဆ်ကျမ်းစာအုပ် အတွဲပေါင်း ၁၀ ဂဏန်းနဲ့ ပြုစုထားသလို ခိုင်မာတဲ့ ဟဒီးဆ်ပေါင်း အတွဲ ၁၀ ဂဏန်းနဲ့ ပြုစုထားတာ တွေ့လိုက်ရတယ်။

သူ့ဘ၀သမိုင်းကို ရေးကြတဲ့ (အိန္ဒိယနဲ့ နောက်မြီးဆွဲအရူးများမပါ) ကျမ်းစာအုပ်တွေရဲ့ အဆိုအများစုမှာ ဖော်ပြထားချက် တွေ့ရတာက အလ်ဘာနီဟာ မျက်မှောက်ခေတ် ဟဒီးဆ်ပညာရပ်အပေါ် များစွာ အကျိုးပြုခဲ့သူ ဖြစ်တယ်လို့ ဖော်ပြထားတယ်။ အိန္ဒိယအုပ်စုမှာ မှတ်သားမိသမျှ ပြောရရင် ဟဒီးဆ်ပညာရှင်ရယ်လို့ အဗ္ဗဒွလ်ဟိုင်ယ် (လခ်န၀ီ)တစ်ဦးပဲ ရှိတယ်။ ကမ္ဘာ့အဆင့် ဟဒီးဆ်ပညာရှင်ရယ်လို့ အဗ္ဗဒွလ်ဟိုင်ယ် (လခ်န၀ီ)မှအပ အခြားသူအမည် မကြားဖူးပါ။ တပည့်အရူးတွေ မြောက်ပေးထားတဲ့ အရည်မရ အဖတ်မရတွေကို ဒီမှာ စာရင်းမသွင်းပါ။ အလ်ဘာနီရဲ့ ဆော်ဒီနဲ့ ကွဲလွဲတဲ့အမြင်တွေ၊ ဘင်ဘားဇ်နဲ့ ကွဲလွဲတဲ့ ဖသ်ဝါတွေအရ အလ်ဘာနီဟာ ဟဒီးဆ်ပညာရှင်ဆိုတာ ပိုသေချာသွားပါတယ်။

အိန္ဒိယအုပ်စုဟာ အလ်ဘာနီကို မနာလိုစိတ်ရှိတဲ့ အုပ်စုတစ်စုလို့ မြင်ရတယ်။ အိန္ဒိယနောက်မြီးစွဲ လေးနိုင်ငံ ရှိပါတယ်။ မြန်မာ၊ ဘင်္ဂလား၊ ဆရီလမ်ကာ၊ ပါကီတို့ဖြစ်တယ်။ ဒီအုပ်စုထဲက ကမ္ဘာကျော် ဟဒီးဆ်ပညာရှင် ထွက်ဖူးတာ မကြားဖူးပါ။ သူတို့ဘာသာ သူတို့ ၀ိုင်းမတဲ့ သူတို့အမြင် ပညာရှင်တွေပဲ ရှိတယ်။ ဒီအုပ်စုက ဟမ်နဖီ နောက်မြီးစွဲ သက်သက်ပဲဖြစ်လို့ ဟမ်နဖီ နောက်မြီးမစွဲတဲ့ အလ်ဘာနီကို အပုပ်ချတာ မဆန်းပါ။

အလ်ဘာနီကို အပုပ်ချသူတွေ ဟဒီးဆ်ကျမ်းဘယ်နှစ်အုပ် ရေးခဲ့တယ်တော့ ကျနော် စာရင်းမပြနိုင်ဘူး။ ဒါပေမဲ့ အလ်ဘာနီဟာ ဟဒီးဆ်နဲ့ပက်သက်တဲဲ့ စာအုပ်ပေါင်း ၂၀၀ ကျော်ကို ရေးခဲ့တယ်။ အဲဒီထဲက ကမ္ဘာကျော်တဲ့ ကျမ်းတွေကို အနည်းငယ် ဖော်ပြရရင်

၁- အိရ်ဝါအုလ်ဃလီလ်ကျမ်း အတွဲ(9)တွဲ ရှိတယ်။
ဟာန်ဗလီ ဖိကဟ်ကျမ်းရဲ့ အလ်မနာရုစ်စဗီးလ်ကျမ်းလာ ဟဒီးစ်တွေကို ပြန်လည် သုတေသနပြုထားတဲ့ စာအုပ်ဖြစ်တယ်။

၂- တမန်တော်မြတ် ၀တ်ပုံခဲ့ပုံအတိုင်း ဆွလာသ်ဝတ်ပြုနည်း - ဟမ်နဖီ ဆွလာသ်၀တ်ပြုနည်း မဟုတ်ဘူး။ ဟဒီးဆ်ကနေပဲယူပြီး ဆွလားသ်ဘာလဲဆိုတာကို ထုချေထားတဲ့ နာမည်ကြီး ကျမ်းစာအုပ်ဖြစ်တယ်။ မူရင်းကျမ်းက (၃) တွဲ ရှိပြီး အကျဉ်းချုပ်ကျမ်းက ၁ တွဲ ရှိတယ်။

၃- တမန်တော်မြတ်ရဲ့ ဟဂ်ျပြုနည်း။
အတွဲ (၁) တွဲရှိပြီး ဟဂ်ျပြုနည်း အသေးစိတ်ကိုခိုင်မာတဲ့ ဟဒီးစ်တွေနဲ့ ရေးသားထား‌တဲ့ ကျမ်းစာအုပ်ဖြစ်တယ်။

၄- အာဒါဗုဇ်ဇဖါဖ်ကျမ်း အတွဲ ၁ တွဲရှိတယ်။ မင်္ဂလာဦးညဆိုင်ရာ စည်းကမ်းတွေကို စွန္နသ်နည်းကျ ဖြတ်သန်းနိုင်ဖို့ ရေးသားထားတဲ့ စာအုပ်ဖြစ်တယ်။

၅- စိလ်စိလသုလ်ဒွအီးဖဟ် ဝလ်မောင်ဝ်ဒူးအဟ်
အတွဲ (၁၄) တွဲရှိပြီး ဟဒီးစ်ပေါင်း (၇၀၀၀) ကျော်ပါ
ဝင်တယ်။ ဒီကျမ်းရဲ့ ပထမတွဲကို ရှိုင်ခ်က ကျနော့်ကို တစ်ရွက်ချင်း အချိန်ကုန်ခံ ရှင်းပြ လက်တန်းဘာသာပြန်ပြပြီး အလ်ဘာနီ စာဘယ်လိုရေးတယ်၊ ဒီက ငပဲ့တွေ ပြောတာနဲ့ တူ၏ မတူ၏ စတဲ့အရာတွေကို ကျနော်မြင်အောင် ကူညီ လမ်းပြပေးခဲ့တယ်။ ပထမတွဲမှာပဲ ဟဒီးဆ်ပေါင်း ၅၀၀ ကျော်ပါတယ်။

ကျမ်းတည်ဆောက်ပုံ မြင်သာအောင် ပြောပြရရင် ဟဒီးဆ်တစ်ပုဒ်ကို ယူလာတယ်။ လုပ်ကြံဟဒီးဆ်၊ သို့မဟုတ် အလွန်အားနည်းတဲ့ဟဒီးဆ်၊ ဒွအီးဖ် စသဖြင့် စရေးတယ်။ အဲဒီနောက်မှာတော့ ဘိုခါရီ၊
ဇဟ်ဘီ၊ အိဗ်နေကဆီးရ်၊ ဒါရာကုသ်နီ၊ အိဗ်နေသိုင်မီယဟ်၊ တို့လို ဟဒီးဆ်ပညာရှင် အစစ်တွေရဲ့အဆိုတွေကို ကျမ်းညွှန်း၊ စာမျက်နှာ အတိအကျနဲ့ ဘယ်ပညာရှင်က ဒီဟဒီးဆ်ကို ဘယ်လိုပြောတယ် ဘာကြောင့်ပြောတယ် စသဖြင့် အသေးစိပ်ရေးတယ်။ လုံး၀ ပုဂ္ဂိုလ်ရေးမပါဘူး။ အဲဒီစာအုပ်ရဲ့ အောက်ခြေ မှတ်စုမှာပဲ အလ်ဘာနီကိုယ်တိုင်က ၂ ကြောင်းပဲ ပြောတယ်။ သောက်တင်းတွေ ထိုင်ရေးနေတဲ့အရည်မရ အဖတ်မရ သောက်ပေါကျမ်းတွေနဲ့ မတူတာ မျက်ဝါးထင်ထင်ပဲ။ ပညာရပ်ဘောင်ထဲက အသန့် လေ့ လာထားတဲ့ လေ့လာချက်ကျမ်းဆိုတာ မျက်ဝါးထင်ထင်ပဲ။

ဟဒီးစ်အတုနဲ့ ခိုင်မာမှုအားနည်းတဲ့ ဟဒီးစ်တွေကို စုဆောင်းတင်ပြ သုတေသန လုပ်ထားတဲ့စာအုပ် ဖြစ်တယ်။ ယနေ့ ဟဒီးဆ်ဘာသာရပ်နဲ့ ဘွဲ့ယူမယ့် ဘယ်ကျောင်းသားမဆို သူ့စာအုပ်ကို မကိုင်လို့ကို မရဘူး။ အဲဒီလောက်စုံတဲ့ ဟဒီးဆ်သုတေသနကျမ်း ဖြစ်တယ်​။ ဟဒီးဆ်ဖတ်မယ့် ကျောင်းသားတွေအတွက် အလွန် လွယ်ကူအောင် လုပ်ပေးလိုက်တာပဲလို့ ကျနော် မှတ်ချက်ချမိခဲ့ပါတယ်။

၆- စိလ်စိလသုလ်စွဟီးဟ်ဟဟ်ကျမ်း အတွဲ (၇) တွဲ
ရှိပြီး ဟဒီးစ်ဆွဟီးဟ်၊ ဟစာန်တွေကိုပဲ သုတေသန
လုပ်ကာ စုဆောင်းပေးထားပြီး ဟဒီးစ်ပေါင်း (၃) ထောင်ကျော် ပါဝင်တယ်။

၇- သဟ်ကီးက်မိရှ်ကားသ်ကျမ်း ၂ တွဲရှိတယ်။
မိရှ်ကားသ်ကျမ်းလာ ဟဒီးစ်တွေကို သုတေသနပြုထားတဲ့ စာအုပ်ဖြစ်တယ်။

၈- စွဟီးဟ်ဟုလ်ဂျာမိ့အ်ကျမ်း ၂ တွဲရှိတယ်။ အိမာမ်စူယူသွီရဲ့ ဂျာမိအုစ်စွဂီးရ်ကျမ်းလာ ဟဒီးစ်တွေကို
ဟဒီးစ်သိပ္ပံပညာရပ်နဲ့ သုတေသနပြုထားတဲ့ စာအုပ်
ဖြစ်တယ်။

၉- သမာမုလ်မင်န့်နဟ်ကျမ်း စိုင်ယိဒ်စာဗိက်ရဲ့ ဖိက္က်
ဟုစ်စွန္နဟ်ကျမ်းလာ ဟဒီးစ်တွေကို ပြန်လည် စီစစ်
သုတေသန ပြုထားတဲ့စာအုပ်ဖြစ်ပြီး အတွဲ ၁ တွဲပဲရေး၊ အဆုံးမသတ်နိုင်ခဲ့ဘူး။

၁၀-ကျမ်းကြီး၄ကျမ်းဖြစ်တဲ့ အဗူဒါဝူးဒ်၊ သိရ်မေဇီ
နစာအီ၊ အိဗ်နိုမာဂျဟ်ကျမ်းတွေမှာလာတဲ့ ဟဒီးဆ်တွေကို ဆွဟီးဟ်၊ ဒွအီးဖ် ခွဲခြမ်းစိတ်ဖြာထားတဲ့စာအုပ်ဖြစ်ပါတယ်။ လုပ်လို့ရလားလို့ မေးရင် ခင်ဗျားတို့ အိန္ဒိယ ဆရာသခင်တွေလုပ်ရင် ကမ္ဘာကျော်အောင် သောက်မွှန်းတင်ကြပြီး သူများလုပ်တော့ ဗေဒအသ်လို့ စွပ်စွဲကြတဲ့အတန်းအစားတွေဖြစ်တာ ကျနော် ကောင်းကောင်း သိတယ်။ လုပ်လို့ရလို့ လုပ်တာပေါ့။ ထုတ်ဝေရတဲ့ အကြိမ်ရေစာရင်း ကြည့်လိုက်တာ ၁၈ ကြိမ် အချို့စာအုပ်တွေဆိုရင်ထုတ်ဝေရတဲ့ အကြိမ်ရေ ထောင်ဂဏန်းမှာရှိတယ်။ ပုံပြောနေတယ်ထင်ရင် အချိန်မရွေး ကြွခဲ့ပါ။ ကျမ်းစာအုပ်ပါ ပြပေးမယ်။ စုစုပေါင်းအတွဲ (၂၀) ခန့်ရှိပြီး ဆွဟီးဟ်အဗူဒါဝူးဒ်၊ ဒွအီးဖ်အဗူဒါဝူးဒ် ဆိုပြီး သီးသန့် ခွဲထုတ်ကာ အတွဲ သီးသန့်ခွဲပြီး နောက်ပိုင်းမှာ ထုတ်ဝေခဲ့တယ်။

အလ်ဘာနီဟာ အကြီးဆုံးအစ္စလာမ်ပညာရှင်တို့ရဲ့ ကလောင်အမည်နဲ့ ထုတ်ဝေထားတဲ့ ဘာသာရေးဆိုင်ရာ လက်ရာ ၇၈ ခုမှာပါတဲ့ ဟဒီးဆ်တွေရဲ့ စစ်မှန်မှုကိုပြန်လည် စစ်ဆေးတဲ့ အလုပ်ကိုလည်း လုပ်ခဲ့တယ်။ သူပေးခဲ့တဲ့ ဖသ်ဝါကလည်း သိပ်မများဘူး အတွဲပေါင်း ၃၀ ရှိတယ်။ ဒါ့အပြင် ရှိုင်ခ်ရဲ့ ဟောပြောပွဲပေါင်း ၅ဝဝဝ ကျော်ကို အသံသွင်းကာ မှတ်တမ်းတင်ထားခဲ့တယ်။ ဓါတ်ပုံရိုက်ခြင်းကို အလ်ဘာနီ ရှောင်ရှားသူ ဖြစ်တယ်။ ယနေ့ ဒေယိုဘန်အုပ်စုက ဓါတ်ပုံရိုက်ခြင်းကို ရှောင်သလိုပဲ အလ်ဘာနီလည်း ဓါတ်ပုံ၊ ဗီဒီယိုတွေကို ရှောင်လေ့ရှိတယ်။ သူဖသ်ဝါမှာ ဒါကို သူခွင့်မပြုထားဘူး။ တစ်ခါ ယနေ့ အာရဗ်က တက္ကသိုလ်တွေမှာ စာပြနေတဲ့ဆရာအများစုဟာ သူ့တပည့်တွေ ဖြစ်နေတာပါပဲ။ တပည့် အတော်များတဲ့ ဆရာတစ်ဦးဖြစ်ခဲ့တယ်။ အလ္လာဟ်ဆီ ခေါ်ယူခြင်းနဲ့ ပတ်သက်ပြီး ရှိုင်ခ်ရဲ့ နည်းစနစ်တွေမှာ အချို့သော ထူးခြားချက်တွေရှိပြီး ကွဲပြားတယ်။ သူ့လမ်းစဥ်ကို အတိုချုပ်ပြရရင်

၁။ မွတ်စလင်တွေရဲ့ ပထမမျိုးဆက် (ဆွဟာဗဟ်များ) က ဖြောင့်မတ်တဲ့ ရှေ့တော်ဆက်တွေ နားလည်သဘောပေါက်ခဲ့တဲ့ ကုရ်အာန်နဲ့စွန္နဟ်ဆီ ပြန်သွားဖို့၊

၂။ တစ်ဆူဘုရားဝါဒနဲ့ ဘုရားအများ ကိုးကွယ်တဲ့ဝါဒကြား ကွဲပြားမှုကို သိရှိပြီး တစ်ဆူဘုရားဝါဒဆီ ပြန်လာဖို့၊

၃။ အစ္စလာမ်ကမ္ဘာအတွင်း စိုးမိုးနေတဲ့ ဘာသာရေးဆိုင်ရာ တရားသစ် တီထွင်ဆန်းသစ်မှုတွေကို တိုက်ဖျက်ပြီး ဒီ ဗေဒအသီတွေကို သတိပေးဖို့၊

၄။ ကုရ်အာန်နဲ့ ဟဒီးဆ်ဟာ သူ့အဆင့်အတန်းနဲ့ နေရာမှန် ပေါ်ရောက်လာရေး၊ တိမ်ကောနေတဲ့ ဟဒီးဆ်သုတေသနပညာ ပြန်လည် ရှင်သန်လာရေးနဲ့ မဇ်ဟဗ်ဆိုတဲ့ ဂိုဏ်းရဲ့ နောက်ကို မျက်စိမှိတ်လိုက်နေတဲ့ မျက်ကန်းနောက်လိုက်သမားတွေ လျှော့ကျလာရေး၊

၅။ အီမန်နဲ့ သအ်လိမ်င် သန့်စင်လာရေး စတဲ့ရည်ရွယ်ချက်တွေကို တွေ့ရတယ်။

မဇ်ဗဟ်ဝါဒနောက် မျက်ကန်းနောက်လိုက် နေသူတွေကို ဆန့်ကျင်တဲ့ အလ်ဘာနီကို ဟမ်နဖီတွေနဲ့ ဂိုဏ်းသမားတွေ မကြိုက်တာ မဆန်းပါ။ ဂိုဏ်းသမား အများစုဟာလည်း ဟဒီးဆ် မတတ်ပါ။ ကျနော်ကိုယ်တိုင် တစ်ချိန်က ဂိုဏ်းသမား ဖြစ်ခဲ့တယ်။ ယနေ့တော့ လေ့လာနေပြီ။ မဇ်ဗဟ် တစ်ခုခုနောက်ကို မဖြစ်မနေ လိုက်ရမယ်ဆိုတဲ့ သတ်မှတ်ချက်အတွက် ကုရ်အာန် ဟဒီးဆ်ကနေ အထောက်အထားတစ်ခု ခင်ဗျားယူပြလို့ မရနိုင်ဘူး။ လူတိုင်းဟာ သက္ကလီးဒ် လုပ်ကြတယ်။ သက္ကလီးဒ်ဆိုတာ နောက်လိုက်ခြင်း ဖြစ်တယ်။ လူတိုင်း ဘယ်လူသားမှ သက္ကလီးဒ်နဲ့ မလွတ်ဘူး။ အဲဒါကို အထောက်အထား ယူပြီး သက္ကလီးဒ်ကို ဝါဂျစ်လို့ သတ်မှတ်လိုက်တာ ပညာရှင်အဆိုပဲ ဖြစ်တယ်။ မွတ်စလင်တစ်ယောက်ရဲ့ သက္ကလီးဒ်ဆိုတာ ရစူလ်ပဲ ဖြစ်ရမယ်။

အဘူဟနီဖွာကို ကိုးကွယ်တဲ့ သာသနာ မဟုတ်ဘူး။အဘူဟနီဖွာဟာ ဘယ်တုန်းကမှ ဟဒီးဆ်ပညာရှင် မဖြစ်ခဲ့ဘူး။ ဖွေကဟ်မှာ အဘူဟနီဖွာကို ယူတယ်။ အကီဒဟ်မှာအဘူဟနီဖွာ အကီဒဟ်ရှိပါလျှက်နဲ့ အဘူမန်စူးရ် မာသူရီဒီရဲ့ မာသူရီဒီ အကီဒဟ်ကို ယူတယ်။ ဒီနှစ်ခုကို ချိတ်ပြီးဘယ်လို လိမ်လဲဆိုတော့ မာသူရီဒီဟာ အဘူဟနီဖွာဆရာကြီးရဲ့ လမ်းစဥ်ကို လိုက်သူပါပဲတဲ့။ အတူတူပဲတဲ့။ စာအုပ်မရှိဘူးထင်ပြီး လိမ်တာလားတော့ မပြောတတ်ဘူး။ အလိမ်ပေါ်တာပဲ။ ဟမ်နဖီ အကီဒဟ်နဲ့ မာသူရီဒီ အကီဒဟ်တစ်ခြားစီပဲ။ ကျမ်းစာအုပ် လေ့လာချင်ရင်ပြော အလကားပြပေးမယ်။ ပြောချင်တာ မဇ်ဟဗ်ဝါဒ မှိုင်းသွင်းပြီး လူတွေကို ကုရ်အာန်၊ ဟဒီးဆ်နဲ့ မိတ်ဆက်ပေးတာ မဟုတ်ဘဲ လုပ်ကြံ ဟဒီးဆ်တွေ၊ အလွန်အားနည်းတဲ့ ဟဒီးဆ်တွေကို ကိုးကား ကောက်ယူထားတဲ့ ကေယားစ်တွေကို ဦးစားပေး ကျင့်သုံးခိုင်းနေတာပဲ ဖြစ်တယ်။

တစ်ချိန်က ကျနော်ကိုယ်တိုင် အေမမ်ကြီး ၄ ပါး ကွဲလွဲတာ နည်းနည်းပါးပါးပါ.... ဘာမှမဟုတ်ပါဘူး... ဆိုပြီး မွလ္လာဟ်ဖလိုးအတိုင်း ယုံခဲ့သလို ရေးခဲ့ဖူးတယ်။ ယနေ့ လေ့လာတော့ တလွဲ။ မဟာတလွဲ။ ယနေ့ လေ့လာတော့ သိရတာက မဇ်ဟဗ်တစ်ခုမှာ ဟလာလ်ဖြစ်နေတဲ့ ကိစ္စဟာ အခြားမဇ်ဟဗ်တစ်ခုမှ ဟရာမ်ဖြစ်နေတယ်။ အဲဒီ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတာကိုလည်း နည်းနည်းပဲ ဆိုတော့ ဘာသွားပြောရမတုန်း။ ၄ လိုင်းစလုံး မှန်တယ်တဲ့။ ပြီးတော့ မကူးရတဲ့။ ကျနော်သေသွားလို့ မှားနေရင် အေမမ်ကြီး အဘူဟနီဖွာ ရှင်းပေးမှာလား။ ဘယ်သူအာမခံမလဲ။ တမန်တော်တောင် ၀င်ရှင်းပေးလို့ မရဘူးဆိုတာ အများသိပါတယ်။ ဆိုတော့ မဆန်းစစ်ရဘူးလား။

အေမမ်ကြီး အဘူဟနီဖွာကို လေးစားတယ်။ စိတ်အတွင်းကနေ လေးစားသလို ဖွေကဟ်ပညာမှာ အတော်လေးစားထိုက်တဲ့ ပုဂ္ဂိုလ်ဆိုတာ ကျနော် အခု စာရေးနေချိန်အထိ အငြင်းမ၀င်ဘူး။ လျှာပေါ်လာ မဟုတ်တဲ့ စိတ်နှလုံးထဲကနေ လေးစားတယ်။ ဒါပေမဲ့ ဖွေကဟ်ပညာဟာ ဟဒီးဆ်ကို မှီခိုရတယ်။ လုပ်ကြံဟဒီးဆ်က ထုတ်တဲ့ ဖွေကဟ်စရင်း၀င်မှာလား.... အလွန်အားနည်းတဲ့ ဟဒီးဆ်တွေကနေထုတ်တဲ့ ဖွေကဟ် စာရင်း၀င်မှာလား။

အေမမ်ကြီး အဘူဟနီဖွာဟာ ဟဒီးဆ်ပညာရှင် မဟုတ်ဘူး။ အေမမ်ဇဟ်ဘီ၊ ဘိုခါရီ၊ အဘူဒါ၀တ်၊ အိဗ်နေသိုင်မီယဟ် စတဲ့ဟဒီးဆ်ရဲ့ အကျော်အမော် ပညာရှင်တွေ ကိုယ်တိုင် အေမမ် အဘူဟနီဖွာရဲ့ ဟဒီးဆ် ပညာကို မိစ်ကင်မ်၊ လူနာကြီးဆိုတဲ့ အသုံးနဲ့သုံးပြီးရေးထားတဲ့ အာရဗီစာမျက်နှာနဲ့ ကျမ်းအတိအကျကို မျက်ဝါးထင်ထင် မြင်ဖူးတယ်။ ဒါတွေပြောရင် အဘူဟနီဖွာကို စော်ကားတယ်လို့ သောက်ပေါအမြင်နဲ့ စွပ်စွဲကြမယ်။ အဘူဟနီဖွာကို ကိုးကွယ်နေတာ မဟုတ်ဘူး။ အဘူဟနီသခင်ကြီးရဲ့ စနစ်ကို လိုက်နာ ကျင့်သုံးနေတာ မဟုတ်ဘူး။ ဒီးန်ဖြစ်ဖို့ တမန်တော်ရဲ့ စနစ်ဆီ ရောက်ဖို့ လိုတယ်။ အဲဒီစနစ်အတွက် စစ်ဆေးတာ ဖြစ်တယ်။ အားနေ ပြဿနာထိုင်ရှာနေတာ မဟုတ်ဘူး။ ဒါတွေကို ထုတ်ပြောလာတဲ့ အလ်ဘာနီကို ဂိုဏ်းသမားတွေ မကြိုက်တာ မဆန်းပါ။

ဟီဂျရီ၁၄၁၉ခုနှစ်မှာ အလ်ဘာနီရဲ့အားထုတ်မှုတွေကို အာရဗ်က စာရင်းသွင်းပြီး King Faisal International Prize" ကို ချီးမြင့်ခဲ့တယ်။ သူ မသေဆုံးမီ ဆယ်နှစ်အလိုမှာ သူ့ရဲ့ နောက်ဆုံးဆန္ဒနဲ့ သက်သေခံချက်ကို ပြုလုပ်ခဲ့ပြီး နောက်တစ်နှစ်မှာ သူ့ဘ၀ရဲ့ နောက်ဆုံးဟဂျ်ကို ဆက်လက် ပြုလုပ်ခဲ့တယ်။ အဲဒီနောက် သူ့ရဲ့ သေတမ်းစာကို ရေးသားလာတယ်။

အလ်ဘာနီရဲ့ သေတမ်းစာ
+++++++++++++++++
အလ္လာဟ်နာမတော်ဖြင့် အစပြုပါ၏....

ဇနီး၊ သားသမီးများ၊ သူငယ်ချင်းများနှင့် နီးစပ်သူအားလုံးအား ဦးစွာ တောင်းပန်အပ်ပါသည်။ ကျွန်ုပ်အား ခွင့်လွှတ်ပေးဖို့ တောင်းဆိုအပ်ပါသည်။ ကျွန်ုပ်သေဆုံးသည့် သတင်းကြားရသောအခါတွင်၊ ငိုကြွေးမြည်တမ်းခြင်း မပြုရန်၊ အသံကျယ်ဖြင့် ငိုကြွေးခြင်းများ မပြုရ။

ဒုတိယအချက်အနေနှင့် ဈာပန ပြင်ဆင်ရန် လိုအပ်သူများမှလွဲ၍ ကျွန်ုပ်၏ ဆွေမျိုးများနှင့် ညီအစ်ကိုများ ရောက်လာချိန်အထိ မစောင့်ဆိုင်းဘဲ ကျွန်ုပ်အား တတ်နိုင်သမျှ အမြန်ဆုံး သင်္ဂြိုဟ်ရန် ညွှန်ကြားသည်။

ကျွန်ုပ်၏ အိမ်နီးချင်းနှင့် စိတ်ရင်းမှန်သော သူငယ်ချင်း၊ လက်ထောက်အဖြစ် ရွေးချယ်ခံရသူ "Izzat Khidr Abu" 'Abdullah' အား ကျွန်ုပ်၏ ခန္ဓာကိုယ်ကို ရေချိုးပေးရန် တာ၀န်ပေးပါသည်။

တတိယအချက်အနေနှင့် ကျွန်ုပ်၏ ဂျနာဇဟ်
(အလောင်း)ကို သင်္ဂြိုဟ်ဖို့ အနီးဆုံးနေရာကို ရွှေးပါ။
ကျွန်ုပ်၏ ဈာပနတွင် ပါဝင်သူများသည် အသုဘအခမ်းအနားသို့ ကားများဖြင့် မလိုက်ရ။ သင်္ချိုင်းဟောင်းအတွင်း သင်္ဂြိုဟ်ရန် တောင်းဆိုပါသည်။

သားသမီးများ အချင်းချင်း ချစ်ခင်ရေး၊ မိသားစု ဆက်ဆံရေးအား ထိမ်းသိမ်းရေး ကျွန်ုပ် ကွယ်လွန်ပြီးတဲ့နောက်မှာ အချင်းချင်း လည်ပတ်ကြရန် သားသမီးများ အားလုံးကို မေတ္တာရပ်ခံပါသည်။ အမွေနှင့် ဥစ္စာကြောင့် အချင်းချင်း ရန်ဖြစ်ခြင်း မပြုကြရန် ကျွန်ုပ် ညွှန်ကြားသည်။ အလ္လာဟ်အရှင်မြတ်၏ အလိုရှိသလောက် ဂျော်ဒန် ဒီနာရ် ထောင်ပေါင်းများစွာ ထားခဲ့ပါသည်။ အိပ်ခန်းထဲရှိကုတင်အောက်တွင် ရှိနေသည့် လက်ဆွဲအိတ်နှစ်လုံးတွင် သိမ်းဆည်းထားပါသည်။ အတွင်းဘက်တွင် ရွှေဒီနာရ် တစ်ရာ သို့မဟုတ် ထို့ထက်ပိုသော သေတ္တာနှစ်လုံးရှိသည်။ ၎င်းတို့ကို ကုရ်အာန်၏ ညွှန်ကြားချက်ရှိထားသည့်အတိုင်း ခွဲဝေကြပါ။ ကုရ်အာန်အာယသ်... “ယောက်ျားသည် မိန်းမနှစ်ယောက်နှင့် ညီမျှသည်”...... ထို့အပြင် ဤနေရာတွင် ငွေသား၊ အိမ်ခြံမြေ သို့မဟုတ် မြေတို့အကြား ကွာခြားချက် မရှိပါ။ အနည်းဆုံး ငါ့သမီးတစ်ယောက်အပေါ် မတရားမှုကို သတိပြုကြပါ။

ကျွန်ုပ်သေမည့် အရပ်၌ နေသူများသည် အပြင်မှာနေနေသော ကျွန်ုပ်၏ သားသမီးများကို အကြောင်းကြားရန် မသင့်ပါ။ ကျွန်ုပ်၏ သေခြင်းတရားကို သင်္ဂြိုဟ်ပြီးသည့်တိုင်အောင် သူတစ်ပါးအား မပြောဆိုနှင့်။ သို့မှသာ ခံစားချက်များ၏ လွှမ်းမိုးမှု မဖြစ်ပေါ်နိုင်မည် ဖြစ်သည်။ ထို့ပြင် ၎င်းတို့သည် ကျွန်ုပ်၏ အသုဘအား သင်္ဂြိုဟ်ခြင်းကို ရွှေ့ဆိုင်းကြလိမ့်မည်ကို စိုးရသည်။ကျွန်ုပ်၏ အတိတ်နှင့် အနာဂတ် အပြစ်များကို ခွင့်လွှတ်ပေးမည့် ဤကဲ့သို့သော အခြေအနေမျိုးဖြင့် အလ္လာဟ်အား တွေ့ဆုံရန် ကျွန်ုပ်တောင်းဆိုပါသည်။

'Izzat Khidr နှင့် Muhammad Abu Leyl တို့ကဲ့သို့
လေးစားရသော ညီအစ်ကိုနှစ်ဦးအား ဒီနာတစ်ထောင်စီ ပေးပါသည်။ ဤဆုလာဘ်သည် ကျွန်ုပ်အပေါ် ၎င်းတို့၏ စိတ်ရင်းမှန်ဖြင့် သဘောထားကာ (ကျွန်ုပ်၏အမိန့်များကို) ထမ်းဆောင်ခြင်းနှင့် ကျွန်ုပ်၏ အကျိုးစီးပွားကို ခုခံ ကာကွယ်ခြင်းတို့အတွက် ၎င်းတို့နှစ်ဦးစလုံးအတွက် ကျွန်ုပ်ပေးဆောင်သည့် အသေးငယ်ဆုံးဆု ဖြစ်သည်။ သူတို့နှစ်ယောက်လုံးက သူ့ဘေးမှာ မရှိကြတဲ့ သားသမီးတွေ၊ ဒါမှမဟုတ် သူအနားမှာ မရှိတဲ့ ဖခင်တိုင်းကို စိမ်းကားတဲ့ ခံစားချက်မျိုး မခံစားစေခဲ့ဘူးဆိုတဲ့ အကြောင်းပြချက်ပါပဲ။ သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ် နှစ်သက်တော်မူစေရန်..... “အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်သည် ကြိုတင်သတ်မှတ်ထားသော ဆုံးဖြတ်ချက် ဖြစ်သည်။”.. ၎င်းပြင် အလ္လာဟ်အရှင်မြတ်မှ ကျွန်ုပ်တို့ အားလုံးအား သစ္စာရှိသူများ(စွက်ဒီးက်)၊ ကျဆုံးသွားသော အာဇာ
နည်များနှင့် (ရှိုဟာဒဟ်) ဖြောင့်မတ်သူများ (ဆွလေဟီးန်) နှင့် အတူတကွ စုစည်းပေးရန် တောင်းလျှောက်ပါ၏။

ကျွန်ုပ်၏လက်ဖြင့် ကူးယူ ထုတ်ဝေသော စာအုပ်များ၊ မိတ္တူ သို့မဟုတ် စာမူများ အားလုံးကို သန့်ရှင်းသော မဒီနာတက္ကသိုလ်မှ အစ္စလမ်မစ်တက္ကသိုလ် စာကြည့်တိုက်သို့ ကျွန်ုပ် လှူဒါန်းပါ၏။ဤသို့ လှူဒါန်းရသော အကြောင်းအရင်းမှာ ဤကျောင်းတွင် ကျွန်ုပ်သည် ဆရာအဖြစ် အလုပ်
လုပ်စဉ်က ဖြောင့်မတ်သော အရင်ဆရာများ နားလည်ထားသည့်အတိုင်း ကုရ်အာန်နှင့် စွန္နဟ်ထံသို့ ခေါ်ဆိုခြင်း၌ အကောင်းဆုံး အမှတ်ရစရာများ ရှိနေသောကြောင့်ပင် ဖြစ်သည်။

ထိုကာလက ၎င်း၏ ဆရာနှင့် ကျောင်းသားများအား အကျိုးပြုသကဲ့သို့ပင် လက်ရှိ သုတေသီများက ၎င်းကို အကျိုးပြုနိုင်စေရန် အလ္လာဟ်အရှင်မြတ်မှ ပြုလုပ်ပေးမည်ဟု မျှော်လင့်ပါသည်။ ၎င်းတို့၏ ရိုးသားမှုနှင့် အလ္လာဟ်အရှင်မြတ်ထံ တောင်းဆိုပေးမှုကြောင့် ဤအရာသည် ကျွန်ုပ်သေပြီးနောက်တွင်ပင် အကျိုးရှိမည်ဟု မျှော်လင့်ပါသည်။

အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ကို လိုအပ်လျက်
........မိုဟမ္မဒ် နာဆွေရွတ်ဒီးန် အလ်ဘာနီ.......

ယာအလ္လာဟ် ကျွန်ုပ်နှင့် ကျွန်ုပ်၏ မိဘနှစ်ပါးတို့အား ပေးသနားတော်မူသော ကရုဏာတော်အတွက် ကျွန်ုပ်မှ ကျေးဇူးတင်ရှိလျက် အရှင် နှစ်သက်တော်မူမည့် ကုသိုလ်တရားများကို ကျင့်ဆောင်ရန် ကူညီပေးပါ။

ကျွန်ုပ်၏သား​မြေး​များ ကျွန်ုပ်အတွက် ဖြောင့်​မတ်​ပါ​စေ။ ကိုယ်တော် ကျွန်ုပ် ၀န်ချ တောင်းပန်နောင်တရပါ၏။ အမှန်စင်စစ် ကျွန်ုပ်သည် မွတ်စလင်တစ်ဦး ဖြစ်ပါသည်။”

သေဆုံးခြင်း
+++++++++
တမန်တော်ရဲ့ စစ်မှန်တဲ့ ဟဒီးဆ်တစ်ပုဒ် ရှိခဲ့တယ်။
“ငါ့အွမ်မသ်ရဲ့ သက်တမ်းဟာ ၆၀ နဲ့ ၇၀ ကြားမှာပဲ ရှိမှာ ဖြစ်ပြီး ၎င်းတို့ထဲက အနည်းငယ်က သာလျှင် ဒီအသက်အရွယ်ကို ကျော်သွားမှာ ဖြစ်တယ်။ ”Ibn Arafa'' က "ကျွန်တော်ဟာ အဲဒီလူနည်းစုထဲက တစ်ယောက်ပါ...လို့ ဆိုတယ်။ ဒီစကားတွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးလာသူ အလ်ဘာနီကလည်း “ကျွန်တော်လည်း ဒီလူနည်းစုထဲက တစ်ယောက်ပါ''... လို့ ဆိုတယ်။ အဲဒီအချိန် အလ်ဘာနီရဲ့ အသက်ဟာ ၈၄ နှစ်ကို ကျော်လွန်သွားပြီ ဖြစ်ပါတယ်။ သူ့စာအရ သူ အမြန်သေပါစေလို့ ဆုတောင်းခဲ့ကြောင်း သိရတယ်။ ဒါပေမဲ့ အလ္လာဟ်ဟာ ဟဒီးဆ်ကို စွဲလမ်းတဲ့ သူ့ကို အမြန် မရုတ်သိမ်းခဲ့ဘူး။ သူကြောင့် ဟဒီးဆ်ပညာရပ်ဟာ ပြန်လည် လန်းဆန်းလာရသလို ဝေဖန်ချက်ကြီးတွေကို ရင်ဆိုင်ပြီး မောင်းထုတ်ခြင်း အမျိုးမျိုးကို အံတုခဲ့ရတယ်။

သူဆုတောင်းခဲ့ပုံက...
"အို အလ္လာဟ် ကျွန်ုပ်၏ အသက်တာသည် ကျွန်ုပ်အတွက် အကျိုးရှိမည် ဆိုပါက ကျွန်ုပ်၏ အသက်အား ရှည်ရှည် တည်တံ့စေကာ၊ သေဆုံးခြင်းသည် ကျွန်ုပ်အတွက် အကျိုးရှိမည် ဆိုပါက ကျွန်ုပ်အား အနားပေးတော်မူပါ.... အိုအလ္လာဟ် ကျွန်ုပ်တို့၏ အကြားအာရုံကို အသုံးချပါရစေ၊ ထို့အတူ အမြင်နှင့် ခွန်အားတို့အား အသုံးချပါရစေ။ ကိုယ်တော်သည် ကျွန်ုပ်တို့ အသက်ရှင်စဉ်အခါ၌ ဤအရာကို ကျွန်ုပ်တို့၏ အမွေခံတို့အား ပေးတော်မူပါ.....ဆိုတာပါပဲ။

သူပြန်ပြောပြတာက ....
အလ္လာဟ်အရှင်မြတ်သည် စင်စစ်အားဖြင့် ကရုဏာတော်ကို ပြသပြီး ကျွန်ုပ်၏ ဆုတောင်းချက်ကို ဖြေကြားပေးတော်မူကာ ဤအရာ အားလုံးကို အသုံးပြုရန် အခွင့်အရေး ပေးတော်မူခဲ့သည်....တဲ့။ အလ်ဘာနီဟာ ကား ကိုယ်တိုင်မောင်းသူ ဖြစ်တယ်။ အချိန်ကို တစ်စက္ကန့် အလစ်မပေးတဲ့သူလည်း ဖြစ်တယ်။ အလုပ်ကို အာရုံစိုက်လွန်းလို့ သူ့မိန်းမတောင် သူ့ကိုငြူစူကြောင်း သူကွယ်လွန်ပြီးတဲ့နောက် သူ့အကြောင်းကို သုတေသနပြု စာတမ်းတင်ကြတဲ့ ပညာရှင်တွေက သူ့မိန်းမနဲ့ တွေ့ဆုံပြီး လေ့လာခဲ့ကြလို့ ကျနော်တို့ သိကြရတယ်။ အချိန်ကို လုနေသူဖြစ်လို့ ကားမောင်ကြမ်းတယ်။ သူ ပြောပြတာ ကျွန်တော် အခုလို ကားမောင်းတာကို ကြည့်ပြီး ဘေးကလူတွေက အရှိန်လျှော့မောင်းဖို့ အကြံပေးကြတယ်... တဲ့။

တမန်တော်ရဲ့စွန္နသ်ကို အလွန် လေးစားသူ ဖြစ်တယ်။ တမန်တော် အင်္ကျီ၀တ်ပုံအတိုင်း အ၀တ်အစား ၀တ်တယ်။ ယနေ့ အိပ်ကပ်နှစ်ခုပါ အင်္ကျီကို ကိုင်ပြီး မဒီနာတက္ကသိုလ်မှာ ပဟေဠိလုပ်ရင် အားလုံးက အလ်ဘာနီ.... ဆိုတဲ့ တံဆိပ်ကို ပြေးမြင်ကြတယ်။ ဆော်ဒီအစိုးရ အကြိုက်လိုက်ပြီး ဖသ်ဝါ မပေးခဲ့ဘူး။ ကာဖေရ်နဲ့ ပေါင်းပြီး မွတ်စလင်ကို ပြန်တိုက်မယ့် စစ်ပွဲမှာ မွဖ်သီကြီး ဘင်ဘားဇ်က ပိုင်တယ် ဖသ်ဝါ ပေးတာကိုတောင် အလ်ဘာနီက ဆန့်ကျင်ပြီး ကုရ်အာန် ဟဒီးဆ်ရဲ့ အထောက်အထားနဲ့ ကာဖေရ်ရဲ့ အကူအညီကို ယူပြီး ဘယ် မွတ်စလင်ကိုမှ ပြန်တိုက်ခွင့် မရှိ.... ဆိုတဲ့ ဖသ်ဝါကို ပြတ်ပြတ်သားသား ထုတ်ပြန်ခဲ့သူ ဖြစ်ပါတယ်။

သူ မသေဆုံးမီ နှစ်များစွာကတည်းက ရောဂါအမျိုးမျိုးကို ခံစားခဲ့ရတယ်။ ဒါပေမဲ့ အလ်ဘာနီဟာ အလ္လာဟ်အရှင်မြတ်ရဲ့ ဆုကျေးဇူးကို မျှော်ကိုးပြီး ဒါတွေကို စိတ်ရှည်စွာ သည်းခံခဲ့တယ်။ သူ့အနားနေသူတွေ၊ သူနဲ့နီးစပ်သူတွေရဲ့ အဆိုအရ သူ့ဘဝ ကုန်ဆုံးချိန်မှ၊ ရှိုင်ခ်မှာ သွေးအားနည်းရောဂါ ဖြစ်ပေါ်လာကြောင်း ကျနော်တို့ သိကြရတယ်။ တစ်ခါ အသည်းရောဂါကိုပါ ဧည့်ခံ ခံစားခဲ့ရပြီး အားမရလို့ ကျောက်ကပ်တစ်ခု ပျက်စီးခဲ့ပါတယ်။ ဒီရောဂါတွေကြောင့် ကီလို ၃၀ ကျဆင်းသွားပြီး အမ္မာန်မြို့ကဆေးရုံကြီးပေါ် တက်လာခဲ့ရတယ်။

ရောဂါနဲ့ ဖျားနေချိန်မှာတောင် ဟဒီးဆ် သုတေသနကို မလွတ်ခဲ့ဘူး။ ဟဒီးဆ်ဖတ်နေတုန်းပဲ။ ဘယ်အထိလဲ ဆိုရင် ဆေးရုံမှာတောင် လူတွေကို အလ္လာဟ့်ဆီ ခေါ်ဖို့ အခွင့်အရေးကို လက်လွတ်မခံခဲ့ဘူး... ရှိုင်ခ်ဟာ ဖျားနာပြီး စာမရေးနိုင်တော့တဲ့အခါ သူ့ရဲ့ ဟဒီးစ် လေ့လာမှုဆိုင်ရာ ရလဒ်တွေကို သူ့သားသမီးတွေကို ညွှန်ကြားခဲ့တယ်။ မျက်မြင်တွေ့ခဲ့သူတွေရဲ့ အဆိုအရ သူ့ဘ၀ရဲ့ နောက်ဆုံးနေ့ရက်တွေအထိ သူဟာ ဟဒီးဆ်ဖတ်ခြင်းကို မရပ်တန့်ခဲ့ဘူး။ ဒါကြောင့် သူ့ကို လူတွေက ဟဒီးဆ်ကို စွဲလမ်းသူလို့ ဆိုကြတယ်။ တစ်ခါခါ မျောနေတတ်တယ်။

မသေဆုံးမီ သုံးရက်အလိုမှာ ရှိုင်ခ်ဟာ အသိစိတ် ပြန်ဝင်လာပြီး သူ့မျက်နှာဟာ ကြည်လင်လာတယ်။ သားသမီးတွေက သူ့အဖေ ပြန်ကောင်းသွားပြီ လို့တောင် တွေးခဲ့ကြပါသေးတယ်။ ဒါပေမယ့် ရောဂါက သူ့ကို ပြန်လည် သိမ်းပိုက်သွားပြီး သတိလစ်သွားတယ်။ ဒီလိုနဲ့ ဟီဂျရီ ၁၄၂၀ ပြည့်နှစ် ဂျမာဒလ်အာခေရ်လ ၂၂ ရက် စနေနေ့ ၁၉၉၉ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့ ဂျော်ဒန် စံတော်ချိန် ၁၆:၃၀ အချိန်မှာ ၂၁ ရာစုရဲ့ မုဟဒ္ဒီးဆ်ကြီး အလ်ဘာနီဟာ အမ္မာန်မြို့က ဆေးရုံကြီးပေါ်မှာပဲ အလ္လာဟ့်အမိန့် ခံခဲ့ပါတယ်။ ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ နဒ်ဝါ ကျောင်းတော်ကြီးက သမိုင်းပညာရှင်နဲ့ အတွေးအခေါ်ပညာရှင် ရှိုင်ခ်အဘွလ်ဟစံ အလီ(နဒ်၀ီ)လည်း ကွယ်လွန်ခဲ့လို့ သူတို့နှစ်ယောက်ဟာ ၂ လခန့်ပဲ ကွာတယ်။ သူတို့နှစ်ယောက်မှာ ရှိုင်ခ်အဘွလ်ဟစံက အလ်ဘာနီထက် ၁ နှစ်ခန့်ကြီးတယ်။ ၁၉၁၃ ခုနှစ်မှာ မွေးတဲ့ ရှိုင်ခ်အဘွလ်ဟစံနဲ့ အလ်ဘာနီဟာ ၂ လခြားပြီး ကွယ်လွန်ခဲ့ကြတယ်။

သူသေတာနဲ့ သူ့သေတမ်းစာ (၀စီယသ်နမာဟ်) ရှိထားတဲ့အတိုင်း သူ့ကို ဒဖန်လုပ်ဖို့ ချက်ခြင်း စတင်ခဲ့တယ်။ ရှိုင်ခ်ရဲ့ မိသားစုဝင်တွေနဲ့ ကျောင်းသားတွေဟာ သူ့သေတမ်းစာပါအတိုင်း အတိအကျကို ပြည့်စုံစေခဲ့တယ်။ Sheikh Mashhur ibn Hasan Al Salman နဲ့ Sheikh Hussein al-Awaysha တို့က သူ့အလောင်းကို သင်္ဂြိုဟ်ဖို့ရာ အတွက် ပြင်ဆင်ဖို့ ဆေးရုံကို သွားခဲ့ကြတယ်။ ရှိုင်ခ်ရဲ့ရုပ်အလောင်းကို မြှုပ်နှံရာမှာပြင်ဆင်ခဲ့သူ တစ်ဦးက သူ့သား အဗ္ဗဒွလ် လသွီးဖ် ဖြစ်တယ်။ အဲဒီနောက် ရေချိုး ပေးကြပြီး အလောင်းကို ထုပ်ကာ အလောင်းပုံးထဲ ထည့်ကာ အိမ်ကနေ သင်္ချိုင်းကို ထမ်းခဲ့ကြတယ်။ လူသေတို့ရဲ့ သွားရာလမ်းဟာ မြေကြီးထဲသို့သာ။ ပညာရှင်ဖြစ်စေ၊ ပညာမဲ့ဖြစ်စေ၊ ဘုရင်ဖြစ်စေ၊ သူခိုးဖြစ်စေ အသက်မရှိ တော့တဲ့အခါ တန်ဖိုးလည်း မရှိတော့ပါ။ ဒီသင်ခန်းစာတွေကို ကိုဗစ်တတိယလှိုင်းမှာ ကျနော်တို့အားလုံး မြင်ဖူးခဲ့ကြပြီ ဖြစ်ပါတယ်။ သူ့သေတမ်းစာပါ အချက်အရ သူ့ကို အလ်
ဟာမာလန်း ဆိုသူရဲ့ သင်္ချိုင်းဟောင်းထဲမှာ ဒဖန်လုပ်ခဲ့ကြတယ်။ သူ့ဂျနာဇဟ်ကို စွန္နဟ်အတိုင်း လုပ်ဖို့ သေတမ်းစာ ရေးထားခဲ့သူဟာ သူ့ဆန္ဒ ပြည့်ခဲ့ပါတယ်။ ချက်ခြင်းမြုပ်သလို ဂျနာဇဟ်နာမာဇ်ကိုလည်း စွန္နဟ်နဲ့အညီ ဖတ်ဖို့ညွှန်ကြားခဲ့လို့ လေးနာရီအတွင်း မြေချခဲ့ကြရာမှာ လူဦးရေ ၅၀၀၀ ဂျနာဇဟ်မှာ လိုက်ပါခဲ့တယ်။ မိုဟမ္မဒ်အီဘရာဟင်း
ဆာကာရာရဲ့ ဦးဆောင်မှုနောက်ကနေ လူ ၅၀၀၀ ဟာ ဂျနာဇဟ်နမာဇ်ကို ဖတ်ခဲ့ကြတယ်။

👆ပြီးပါပြီ။👆
Damir Khairuddin ရဲ့သုတေသန စာတမ်းကို ကိုး
ကားပါတယ်။ ရှိုင်ခ်ရဲ့ ဇနီးနဲ့ သားသမီးတွေအကြောင်း အချက်အလက်တွေကို Abu Muawiya al-Beiruti က မဒီနာ အစ္စလာမ့်တက္ကသိုလ်စာကြည့်တိုက်မှာ တွေ့ရှိရတဲ့ ရှိုင်ခ်ရဲ့ ဒိုင်ယာရီ စာမူတွေဖြစ်တဲ့ အဓိက Primary Sources တွေကနေ ယူပါတယ်။ အလ်ဘာနီကို ဟဒီးဆ်နဲ့ ပက်သက်ပြီး ဝေဖန်ချက်အချို့ ရှိတယ်။ အထူးသဖြင့် ဂိုဏ်းသမားတွေရဲ့အမြင်မှာ ပိုများတယ်။ ဒါပေမဲ့ အလ်ဘာနီရဲ့ ပုဂ္ဂိုလ်ရေးကို စော်ကား ပြစ်တင်တာ မတွေ့ရပါ။

🤛ပုဂ္ဂိုလ်ရေး ခံစားသုံးသပ်ခြင်း🤜
ခေတ်အဆက်ဆက် ဒေယိုဘန် အမွှန်းတင်စကား၊ စာတွေပဲ ဖတ်ခဲ့ရလို ကမ္ဘာမှာ ဒီကယ်လား ဟမ်နဖီတွေကိုပဲ ပညာရှင်လို့ ထင်ခဲ့ဖူးတယ်။ အစ္စလာမ်ဆိုတာ ဒီအိန္ဒိယ အုပ်စုပဲလို့ မြင်ခဲ့ သိခဲ့ဖူးတယ်။ အခုတော့ ဒီအုပ်စုထဲက မဟုတ်တဲ့ ပြင်ပ မွတ်စလင်ကမ္ဘာက ဒီလိုအကျော်မော် ပညာရှင်တစ်ဦးရဲ့ အကြောင်းကို လေ့လာရလို့ ကျနော့်ရဲ့ ဘာသာရေးအမြင် ကျဥ်းမြောင်းမှုကို မြင်ခဲ့ရတယ်။ ဒေယိုဘန်ဘုရားကိုပဲ ဦးခိုက်နေရလို မအားမလပ်ဖြစ်ပြီး ဘ၀မှာ အခြားသော ပညာရှင်တွေအကြောင်း လေ့လာရမှန်း မသိခဲ့ဘူး။ နဗီကို အိမ်မက် မက်တယ်၊ အလ္လာဟ်ကိုအိမ်မက် မက်တယ် စတဲ့ ဒီဘက် အိန္ဒိယအုပ်စုရဲ့ ခပ်ညံ့ညံ့ အထောက်အထားတွေနဲ့ မဟုတ်ဘဲ လက်တွေ့သက်သေပြ ကျမ်းတွေနဲ့ သက်သေပြထားတဲ့ ပညာရှင်တွေ ရှိသေးတယ်ဆိုတာ သိခွင့် ရလာခဲ့ပါတယ်။

အလ်ဘာနီရဲ့ကျမ်းစာအုပ်ပုံ

တင်ပြသူ _

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Address

Yangon