World With Poems

World With Poems

Share

29/10/2024

ငါတို့မေ့လျော့ခဲ့ကြတယ်
ရှင်ခြင်းဟာ သေဆုံးနေပြီး
သေခြင်းဟာ ရှင်သန်နေတယ်ဆိုတာ
ငါတို့မေ့လျော့ခဲ့ကြတယ်။

#အောင်ချိမ့်

28/10/2024

ဆရာ၀န် ညွှန်ကြားချက်မှာ
လက်ဖက် ရည်တစ်ခွက်ပေးပါ။
ဒူးယားတစ်လိပ် ပေးပါ။
မမ ကျွန်တော့်ကို ချစ်ပါ။
ဒီကောင် လက်နက်ချရမယ်တဲ့။
#အောင်ချိမ့်

27/10/2024

သာကြောင်း မာကြောင်း

( ၁ )

အဲဒီညကမှ
ခင်ဗျားဆီကို ပြန်စာရေးဖို့ ဖြစ်လာရတယ်
နှင်းနံ့ ရမရ ဆိုတာတော့ ခင်ဗျားအပိုင်းပါပဲ
အားလုံးသော ဆောင်းဦးပေါက်များထံ
ကျွန်တော်လက်နက်ချပြီးတာ
ကြာလှပါပြီ

မကောင်းဆိုးဝါးကို ကြောက်တဲ့
မကောင်းဆိုးဝါးတကောင် ဆိုကြပါစို့ရဲ့
ဘယ်ကဲ့သို့ ဘယ်ချမ်းသာ
ကျွန်တော့အခြေအနေက နည်းနည်းပဲရူးပြီး
များများအစော်ကားခံနေရတယ် ဆိုပါတော့

ဘဂျာမင်ဖရန်ကလင် တို့
ကြေးသော့လေးကို စွန်မှာချည်လွှတ်လိုက်သလို
မိုးကြိုးဟာ တည့်တည့်ဘဲ
ကျန်းမာရေးကို ဂရုစိုက်မနေပါနဲ့ဗျာ

စာပို့သမားတယောက် သေဆုံးသွားရတာ
ဖြစ်နိုင်ခြေတွေ
အများကြီး ရှိနေလိမ့်မယ်လို့
ဒီလိုပဲ ခင်ဗျားရောထင်တယ်မဟုတ်လား
လိပ်စာမှားလာတတ်တဲ့ စာတွေကလည်း
သူ့ကို ကိုယ်ခံအားနည်းစေနိုင်တာဘဲ

သွားရလာရခက်တဲ့ ခွင့်လွတ်ခြင်းတွေဆီ ပို့ပေးပါ
အပြာကားဆန်တဲ့ ချစ်မေတ္တာဆီ ပို့ပေးပါ
တချို့တော့
အကြီးအကျယ် လုပ်ရက်ကြတယ်ဗျာ
မကြားဘူးတဲ့ နိုင်ငံတော်ဆီကို ပို့ပေးစမ်းပါ
ဆိုတာမျိုးပေါ့

ကျွန်တော်ခန့်မှန်းမိတယ်
လိပ်စာမထင်ရှားတဲ့ ဂုဏ်ပြုလွှာတစောင်ကလည်း
သိပ်ကိုလေးလံခဲ့ရှာမှာပဲ
ဒါပေမဲ့
ဒီလောက်နဲ့ သူသေဆုံးဖို့
လုံလောက်မယ် မထင်မိပြန်ဘူး

ခင်ဗျားမှာလည်း
အတူနေလာတဲ့နှစ်တွေ ရှိဘူးပါလိမ့်မယ်
ဘယ်သွားသွား ခေါ်သွားချင်တဲ့နှစ်တွေလေ
ဥပမာဆိုရင် ကိုယ့်အကြောင်းကို
တခြားတယောက်ရဲ့ အကြောင်းနဲ့
ကိုးကားပြောဆိုရတဲ့ သက္ကရာဇ်မျိုးပေါ့

ကျွန်တော်တော့ဖြင့်
တခါတလေ သိပ်ကိုနေရထိုင်ရခက်ခဲလှတယ်
ခင်ဗျားလည်းဒီအကြောင်းကို ဒဗ္ပ့လင်သားတွေနဲ့တွေ့ရင်
ဆက်ဆက် ပြောပြစေချင်တယ်
ရှေးလူတွေ ရေသာခိုလွန်းတယ်ဗျာ
လွမ်းဖို့စကားလုံးတွေ သိပ်လုပ်မထားခဲ့ကြဘူး

ဒါက သေဆုံးရတဲ့
အဓိကအကြောင်းမဟုတ်ပေမဲ့
အချိန်တန်ရင် ဒီသစ်သီးတော့ ရင့်မှဲ့လာမှာပဲ
ဆိုတာမျိုး
ကျွန်တော်တို့ သူများမခြွေခင် ကြိုတင် ပုတ်အက်နံစော် ပစ်လိုက်တာမျိုး

တယောက်နဲ့တယောက် မတွေဝေပဲပေါ့လေ
အကြာကြီးဝမ်းနည်း မနေရပဲ
နှစ်ယောက်ရဲ့စိတ်ကူးတွေထဲ
ဘယ်လိုသတိရနေကြမလဲဆိုတာ မတိုင်ပင်ဖြစ်ကြပဲ
ဟေ့လူရေ ရေးတုန်းကရေးပြီး
တချို့စကားတွေကို
ကျွန်တော်တော့ နားမလည်တော့ဘူးဗျာ

ဘုရားသခင်က
မြို့တမြို့ကိုဖန်ဆင်းပြီးတာနဲ့
စာပို့သမားတယောက်လောက်တော့
သူ့အလိုလို ရောက်လာမယ်ဆိုတာ ယုံကြည်ပါ
ဟိုမားရဲ့ အပစ်ကဗျာတွေထဲမှာ ပါဝင်ဖို့
အသက်စွန့်သွားကြတဲ့
အက်သင်းမြို့ရဲ့ စစ်သည်တော်တွေလိုပေါ့ဗျာ

ဖတ်ပြီးရင်ပြီးချင်း
ဘယ်သူ့ကို ဂုဏ်ပြုရမယ်ဆိုတာ ပြောစေ့ချင်တယ်
အရမ်းနောက်ကျနေရင်တောင်
ကျွန်တော်ဆက်ဆက် ဦးညွှတ်လိုက်ပါ့မယ်

ဓားတွေ ကညစ်တွေ
အမျက်သင့်ခံရသူရဲ့ အရွှမ်းအဖောက်စကားတွေ
ထင်ယောင်ထင်မှား ခါးနံပါတ်တွေနဲ့
ကျန်တော်တို့ အနာဂတ်မှာ
ကျွန်တော်တို့ အသက်ကြီးနေပါလိမ့်မယ်

ခင်ဗျား ဒီစာကိုဖတ်ပြီး ဝမ်းနည်းနေတယ်ဆိုရင်
ကျွန်တော်နိုင်ပါပြီ
နောက်တခါတော့ဖြင့် လိပ်စာကို
ထင်ရှားစွာ ရေးစေချင်ပါတယ်

( ၂ )

ရဟန်းတော်မြတ်က
ဒုတိယအမှားကို ထပ်ပြောတယ်
ဒီလောက်ညံ့နေရင် လောကကြီးကမင်းကို
မေ့သွားလိမ့်မယ်တဲ့
ခင်ဗျားပြောခဲ့ဘူးတာနဲ့ ခပ်ဆင်ဆင်လို့
ကျွန်တော်တော့ထင်တယ်

ရှားပါးပြီး
ကြောက်စရာကောင်းတဲ့ အချစ်တွေအကြောင်း
ခင်ဗျားပြောခဲ့တာတော့
ကျွန်တော်အမြဲအမှတ်ရတယ်
ဒါဟာ စိတ်ကြိုက်နေထိုင်သွားဖို့ အခွင့်အရေးကောင်းပဲ
အဆိပ်ရပြီဆိုရင်
ပါရမီရှင် မြွေတကောင်ဖြစ်သွားသလိုပေါ့ဗျာ

မိုယှေဒါရန်တို့ ချေ တို့ဆိုတာ
ရာသီစာတွေပါဗျာ
သဉ္ဇာဝင့်ကျော်တို့ မာရီလင်တို့ဆိုတာလည်း
သွားရေစာသာသာပါ
ကိုစောညိန်းတို့ အဲဘတ်ဖရော့(စ်)တို့မှ အဟာရဗျ
ဒီလိုပွဲတော်ရက်တွေကို
ကျွန်တော်မုန်းတတ်တာနားလည်ပေးစမ်းပါ

အချစ်ရေးနဲ့ပတ်သက်ရင်
ကျွန်တော့ကိုခင်ဗျား ခဏခဏအပြစ်တင်တယ်
သွားရတော့မှာလားလို့ သူမေးတယ်
နေဦးမှာလားလို့ ကျွန်တော်ပြန်ဖြေတယ်
အဲဒါနဲ့ပဲ နှင်းဦးမြူဦးတွေဝေတိုင်း
ကျွန်တော် နာမည်ပျက်ခဲ့ရတော့တယ်

တခါတလေ ကဗျာရေးတယ် စာစပ်တယ်ပေါ့ဗျာ
တခါတေလ
တေးချင်းဆိုတယ်ပဲထားပါတော့
တခုခုမလုပ်ခင် ရလဒ်ကိုစဉ်းစားနေတဲ့အခါ
အတော် ကသီလင်တဖြစ်တယ်မဟုတ်လား
ဒီအခါများဆို သီချင်းသံဟာ
ကြိမ်စာတိုက်သံနဲ့ ခပ်ဆပ်ဆင်ဆင်ပဲ

ခင်ဗျားညွှန်းလို့
ဟဂျင်း ရေးတဲ့ မီးတောက်ဆိုတဲ့
တရုတ်ဝတ္ထုကိုဖတ်နေဖြစ်တယ်
ကျွန်တော့အင်္ဂလိပ်စာညံ့ဖျင်းမှုကြောင့်ထင်တယ်
ဆူပင်း သူ့ချစ်ဦးသူဆီကို ပြန်ရောက်လာရမယ့်အချိန်တွေ
ပိုကြာနေရတယ်ဗျာ

သိပ်လှပလွန်းတဲ့အမှားတွေ လောကမှာ အများကြီးပါ
ခင်ဗျားဖက်က နဲနဲများအမှန်ပေးလို့ ရ မရ
ဒီလိုကြောင့်ပဲ
ဒီစာကိုရေးဖြစ် လိုက်တယ်

( ၃ )

ခင်ဗျားရဲ့
ရဲဘော်ရဲဘက်စိတ်ဓာတ်ကို
အမြဲသတိရနေပါတယ်
မလွှဲမရှောင်သာတဲ့ အခါမှာတော့
ဝေဒနာတွေကိုလဲ သတိရနေဖြစ်တယ်

ခုနောက်ပိုင်း လူသားဆိုတာကိုပဲ
လုံလောက်အောင်သက်သေပြတော့မယ်လို့
စိတ်ကူးမိတယ်
အရှံးပေးတယ်ရယ်လို့တော့ မထင်စေ့ချင်ဘူး
ကောင်းကင်နဲ့ မလွတ်လိုသာ
ခေါင်းငုံ့လျှောက်နေရတာပါ
ပင်ပန်းလွန်းတယ်ဗျာ

အပျော်အပျက်ပြောတာလဲဖြစ်နိုင်ပါတယ်
ခင်ဗျားသဘောပေါ့ ဗျာ
အနည်ထခဲ့ဘူးတဲ့ ရေကန်ငယ်လေးပါ
ခိုင်လုံပါတယ်နော်ဆိုတဲ့ လိပ်ပြာလေးတွေတောင်
ခုတော့ ဥယျာဉ်အိုမှာခိုကြပြီ

ကြောက်စရာမရှိရင်
သတ္တိရှိဖို့ရော လိုအပ်သေးလို့လားဆိုတော့
မိုးတိတ်သွားလို့
ဖြုတ်ခနဲ ထီးလေးပိတ်လိုက်သလိုပဲ နေမှာပေါ့
ဒီနိုင်ငံကို ရန်သူဟောင်းတွေနဲ့ထားခဲ့ရမှာကို
တယ်ပြီးစိတ်မချဘူး

ပုဂံမင်းတွေဖြိုခဲ့တဲ့ သက္ကရာဇ်တွေရှိမယ်
အိစ်အော့ဖ်အေဒင် မှာ
ဂျိမ်းစ်ဒင်းရဲ့ စီးကာရက်ငွေ့တွေရှိမယ်
တော့ဖလာရဲ့ တတိယပြက္ခဒိန်ရှိမယ်
ခေတ်အဆက်ဆက်
အင်အားနည်းသူတွေပဲ လိမ္မာကြတာပါပဲ

ယူဂိုဆလားဗီယားခလေးမရဲ့ဒိုင်ယာရီမှာ
"ငါ့ခွေးလေးရောငါရော
ဘာမှစားစရာမရှိတော့ဘူး " တဲ့
စစ်ကို နှင်းစိမ်းတွေဝင်ပူးတုန်းကပေါ့
ထသွားထလာဒီဇင်ဘာမျိုးတော့
ဟုတ်မယ်မထင်ဘူး
ဒါတွေထားလိုက်ပါတော့ဗျာ

မနေ့က
မူဆေးလေးနဲ့ ဓာတ်ပုံရိုက်ဖြစ်တာကို
ပို့လိုက်ပါတယ်
သူ ဒီမောဆိုးကို ပြန်ရောက်သွားမှာသေချာပါတယ်
ခင်ဗျားက ရှာကြံပြီးစိုးရိမ်တတ်လွန်းလို့ပါ

ခင်ဗျားရှာခိုင်းထားတဲ့
ကိုသန်းလှိုင် မူရင်းသီချင်းတွေ ရှာရတာ
အတော်ခက်တယ်ဗျာ
" မေတ္တာဘုံက ပုံပြင်သက်ထား " တော့ ရပါပြီ
အဆင်ပြေတဲ့နေ့ ပို့ပေးလိုက်ပါ့မယ်

စနေနံ့သာ ပါးကွက်ကြားနှစ်ဖက်ရယ်
သရက်ပွင့်လက်ကျန်တွေ
ဟိုတုန်းကလိုပွင့်နေတယ်ကွာဆိုတာရယ် ခင်ဗျားလှမ်းပြောတဲ့အခါ

ဒါ ကျွန်တော့ကို
ဘေးကျပ်နံကျပ်ဖြစ်အောင်
လုပ်တဲ့မေးခွန်းဆိုတာ ရိပ်မိလိုက်ရတယ်
ဘယ်သူမေးမေး
လွမ်းရရင်လဲ မလွမ်းဘူးလို့ပဲဖြေမယ် ။ ။

#သန်းတင့်

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon
11221