The Reader

The Reader

Share

18/12/2024

စစ်ကြိုခေတ်က ကျွန်မ အပျိုမဖြစ်သေးဘူး

မောင်ကိုကို(အမရပူရ)

ကျွန်မကို မန္တလေးမြို့ လယ်ကောင်မှာ မွေးဖွားပါတယ်။၂၉လမ်းနဲ့ ၈၅ လမ်းထောင့်မှာပါ။ဝါးတန်းရပ် လို့ ခေါ် ပါတယ်။အဖေက ဦးကာက၊ တရုတ်လူမျိုး။အမေက ဒေါ်စိန်လို့ခေါ်ပါတယ်။ ပအို့ဝ်တိုင်းရင်းသူပါ။အမေက သထုံဇာတိ။အဖေက တရုတ်ပြည်က ရောက်လာခဲ့တာတဲ့။အဖေနဲ့အမေဟာ မန္တလေးမှာ လက်ဖက်ခြောက်လုပ်ငန်း လုပ်ကိုင်ကြပါတယ်။
ဦးကာက၊ဒေါ်စိန် လက်ဖက်ခြောက်လုပ်ငန်းဟာ ကျွန်မတို့ ငယ်ငယ်ကတည်းက နာမည်ရနေပါပြီ။
ကျွန်မငယ်ငယ်က သကျသီဟဘုရားနားကကျောင်းမှာ ကျောင်းတက်ရတယ်။ အိမ်နဲ့က မဝေးဘူး။ကျွန်မ လေးတန်းလည်း အောင်ရော စစ်ကြီးလည်းဖြစ်ပါရောလား။ဂျပန်တွေ ဝင်လာတယ်။ကျွန်မ ငါးတန်း မတက်ရတော့ဘူး။ အဖေက တရုတ်ပြည်ကို ပြန်ပြေးတယ်။အမေနဲ့ ကျွန်မတို့တတွေက ပထမတော့ ကျောက်မဲကို ပြေးသေးတယ်။နောက်တော့ ပိုပြီး လုံခြုံစိတ်ချရအောင် စစ်ကိုင်တောင်ကို ပြေးကြမယ်လို့ အမေက ပြောပြီး ပြေးကြရော။ကျွန်မတို့က စစ်ကိုင်းချောင်လို့ ခေါ်တာပေါ့။စစ်ကိုင်းချောင်၊ရေဦးတိုက်ဟောင်းမှာ စစ်ကိုရှောင်ရင်း ခိုလှုံကြတယ်။
စစ်ကိုင်းချောင်၊ရေဦးတိုက်ဟောင်းမှာ အမေတို့ကျွန်မတို့ သုံးနှစ်သုံးမိုးကြာခဲ့တယ်။ကျွန်မတို့က တောင်ပေါ်ကနေ အောက်ကို ကြည့်လိုက်ရင် ဧရာဝတီမြစ်ကြီးကို မြင်ရတယ်။ လှည်းလမ်းကြောင်းကိုလည်း မြင်ရတယ်။
ဂျပန်တွေက သူခိုးသူဝှက်တွေကို ဖမ်းမိတဲ့အခါ သစ်ပင်မှာ ကြိုးနဲ့ တုပ်နှောင်တယ်။ ပြီးတော့ သူခိုးကို လှံနဲ့ ထိုးတယ်။ အဲဒီ ရက်စက်တဲ့အဖြစ်ကို မမြင်ချင်ပဲ မြင်လိုက်ရတဲ့အခါမှာဆို ကျွန်မဖြင့် အသည်းတုန်အူတုန်ပဲ။ ကြောက်လိုက်တာလေ။အိပ်မက်ထဲမှာတောင် ကြောက်နေတာ။အဲဒီတုန်းက ကျွန်မက ဆယ့်သုံးနှစ်သမီးအရွယ်လောက်ပေါ့။ ခုနှစ်သက္ကရာဇ်တွေကို ကျွန်မ အခု ဘာမှ မမှတ်မိတော့ဘူး။ အဖြစ်အပျက်တွေကိုတော့ ကျွန်မ မှတ်မိနေတယ်။
မြန်မာပြည်ထဲကို စစ်ဦးဘီလူး ရောက်လာတယ်။ အင်္ဂလိပ်တွေ ဝင်ရောက်လာတယ်။စစ်ကိုင်းတောင်ပေါ်ကနေပဲ အဲဒီစစ်မက်ကာလကို မြင်ခဲ့ရတာပါ။ဧရာဝတီမြစ်ပြင်ပေါ်က သင်္ဘောပေါ်မှာ စစ်ဝတ်စုံနဲ့ သူတို့ကို ကျွန်မ မြင်ရတယ်။ အသားအရေ ပန်းရောင်တွေက အင်္ဂလိပ်တွေဖြစ်မှာပေါ့။ အသားမည်းမည်းတွေက နီဂရိုးတွေ နေမှာပေါ့။
စစ်ကြီး ပြီးတဲ့အခါ ကျွန်မတို့ဟာ အမေနဲ့အတူ မန္တလေးကို ပြန်လာကြတယ်။စစ်ကြီးပြီးစ မန္တလေးမြို့ကြီးဟာ ဟာလာဟင်းလင်း ခြောက်ခြောက်သွေ့သွေ့ကြီးဖြစ်ပြီး ကျန်ရစ်တယ်။ အဖေကတော့ တရုတ်ပြည်မှာပဲ ရှိနေသေးတယ်။ မြန်မာပြည်ကို ပြန်မလာနိုင်သေးဘူး။ အမေနဲ့ ကျွန်မတို့တတွေဟာ လက်ဖက်ခြောက်လုပ်ငန်းကိုပဲ ဆက်လက် လုပ်ကိုင်ကြတယ်။
စစ်ကြီး ပြီးပေမဲ့ ကျွန်မက ကျောင်းပြန်မတက်တော့ဘူး။မိဘရဲ့ လက်ဖက်ခြောက်ရောင်းဝယ်ရေးထဲမှာ ဝင်လုပ်ကိုင်တယ်။ လက်ဖက်ခြောက်တွေက ကျောက်မဲက လာတယမ။ သီပေါက လာတယ်။ နမ့်ဆန်က လာတယ်။ ဗန်းမော်သင်္ဘောကြီးနဲ့လည်း လက်ဖက်ခြောက်တွေ ပါလာတတ်သေးတယ်။မန္တလေးမှာ လက်ဖက်ခြောက်ပွဲရုံကြီးတွေ ရှိတယ်။ ဦးကျားပွဲရုံ၊ဦးတော်အောင်ပွဲရုံဆိုတာရှိတယ်။ ရိုးသားမှန်ကန်ကြပါတယ်။
ပထမက လက်ဖက်ခြောက်ကို လှသလား၊ မလှဘူးလားဆိုတာ အမြင်နဲ့ ဆုံးဖြတ်တယ်။ဒုတိယက လက်ဖက်ခြောက်ကို လက်ခုပ်ထဲ ထည့်လိုက်တယ်။လက်ဖဝါးထဲမှာ လက်ဖက်ခြောက်က စူးနစ်နေတယ်၊အသားတင်းတယ်ဆိုရင် အဲဒီလက်ဖက်ခြောက်က ကောင်းတယ်။တတိယက လက်ဖက်ခြောက်အနံ့ကို ခံစားကြည့်တာ။ရွှေဖီမိုးလွတ် လက်ဖက်ခြောက်အနံ့ဟာ မွှေးသင်းနေတာ။လက်ဖက်ခြောက် လှမ်းရင် မိုးလွတ်ဖို့ လိုတယ်။စတုတ္ထက ရေနွေးထဲ လက်ဖက်ခြောက်ထည့်ကြည့်ပါ။ ပယင်းရောင်ဖြစ်ရမယ်။ သောက်ကြည့်ပါ။ ပထမ ခါးခါးလေးရယ်။ အာခေါင်ထဲမှာ ချိုသွားတယ်။ အချိုက စွဲနေတယ်။ သိပ်ကောင်းတယ်။လက်ဖက်ခြောက် ပြုတ်ဖတ်က ဝါဝင်းနေရမယ်။တောင်အမြင့်ပေါ်မှာ ပေါက်ရောက်ပြီး မနက်နေရောင် ရတဲ့ လက်ဖက်ဟာ အကောင်းဆုံးပါပဲ။
စစ်ကြီး ပြီးပြီးတော့ စီးပွားရေးဆီ လူတွေ အားသန်ချိန်မှာ အဖေလည်း တရုတ်ပြည်က ပြန်လာပါတယ်။အဖေ ဦးဆောင်တော့ စီးပွားရေးဟာ အလွန်ကောင်းလာတယ်။ကျွန်မ အသက်က နှစ်ဆယ်လောက်ရှိပြီ။မိဘတွေက စီးပွားရေး ထိုးတက်လာတော့ လှူတာတန်းတာတွေ ပိုလုပ်လာကြတယ်။အဖေက အမရပူရ မဟာဂန္ဓာရုံဆရာတော်ဘုရားကို အလွန် ကြည်ညိုတယ်။ အဖေက ဆရာတော်ထံမှာ ဗုဒ္ဓစာပေကို သင်ယူလေ့လာပါတယ်။ တရုတ်ထုံးစံ၊ တရုတ်အယူအဆတွေဖြစ်တဲ့ တစ္ဆေကြီးပူဇော်တာမျိုးကို အဖေက စွန့်လွှတ်လိုက်တယ်။အဖေဟာ တရုတ်အစွဲတွေ စွန့်ပြီးတဲ့နောက် အမရပူရမဟာဂန္ဓာရုံဆရာတော်ရဲ့ သြဝါဒကို ခံယူတယ်။ထေရဝါဒဗုဒ္ဓဘာသာဝင်တစ်ဦးအဖြစ် အသက် ၉၂နှစ် အထိ အဖေ နေထိုင်သွားခဲ့တယ်။
ဥပုသ်နေ့ဆိုရင် ကျွန်မတို့ မန္တလေးသူတွေ အမရပူရ မဟာဂန္ဓာရုံကျောင်းကို သွားကြတယ်။ သီလယူတယ်။ဥပုသ်စောင့်ကြတယ်။ ၁၂နာရီ မထိုးမီ ကျွန်မတို့ မိန်းခလေးတွေ ထမင်းအတူ စားကြတယ်။ ကိုယ့်ဟင်းသူ့ဟင်း ဖလှယ်ကြတယ်။ အချင်းချင်း ဆုံကြတော့ အသံထွက်တယ်။ မဟာဂန္ဓာရုံဆိုတာ အပ်ကျသံ ကြားလောက်အောင် ငြိမ်သက်နေတာ။ ကျွန်မတို့ အသံထွက်တာကို ဆရာတော်က သတိထားမိမှာပေါ့။ထမင်းစားပြီးချိန်မှာ ဆရာတော်က လာခဲ့ကြဦးတဲ့။ ကြောက်ကြောက်နဲ့ ဦးခိုက်ကြရတာပေါ့။ဆရာတော်က ထမင်း စားရာမှာ အသံမထွက်ဖို့၊တည်တည်ငြိမ်ငြိမ် သိမ်သိမ်မွေ့မွေ့ စားဘို့ ဆိုဆုံးမပါတယ်။
တစ်ခါမှာတော့ ကျွန်မတို့ဟာ လက်တိုအင်္ကျီအဖြူလေးတွေ ဆင်တူ ဝတ်ဆင်ပြီး ဘုန်းကြီးကျောင်းကို သွားကြပါတယ်။လက်တိုတွေ ပေါ်ကာစကာလကပေါ့။ ချည်သားအင်္ကျီလေးတွေပါ။လက်တိုက လက်မောင်းအလယ်အထိ ရောက်ပါတယ်။ ကျွန်မတို့က အသက် နှစ်ဆယ်အရွယ်ဆိုတော့ ဆံပင်လေးတွေကလည်း အမောက်ကလေးတွေနဲ့ပေါ့။ မဟာဂန္ဓာရုံဆရာတော်ကို ဦးခိုက်ကြပါတယ်။
" ဒါက ကျောင်း။ ဘုန်းကြီးကျောင်း။ အရပ်ထဲ မဟုတ်ဘူး။ ကျောင်းကို လာရင် လက်တို မဝတ်ရဘူး။ ကျောင်းကို လာရင် ကျောင်းပုံစံဖြစ်ရမယ် ''
ဆရာတော်က မိန့်ပါတယ်။
အဲဒီကတည်းက ကျွန်မတို့တွေ ကျောင်းကို သွားရင် လက်တို မဝတ်ရဲတော့ပါဘူး။
မဟာဂန္ဓာရုံကျောင်းတိုက်ဟာ အခုခေတ်မှာတော့ ဆွမ်းကျွေးတွေ မပြတ်ပါဘူး။ ကျွန်မတို့ အပျိုဘဝက ကျောင်းမှာ ဆွမ်းကျွေးကြတာ၊ အလှူလာလုပ်တာ မများသေးဘူး။ ဆွမ်းကျွေးချင်ရင် ဆရာတော်ကို လျှောက်ထားရတယ်။
'' နင်တို့ စီးပွားရေး အဆင်ပြေရဲ့လား။ ပိုလျှံမှသာ ဆွမ်းကျွေးရတယ် ''
လို့ မိန့်တတ်တယ်။
" ပကာသန မဖက်နဲ့။ ဧည့်သည်တွေ အများကြီး မဖိတ်နဲ့။ ဟင်းကို အရောနဲ့ ကျွေး။ ငါက ငါ့သံဃာတွေကို ပဲဟင်းနဲ့ ကျွေးတာ။ နင်တို့က ဝက်သားဟင်းနဲ့ လာပြီး မဖျက်ဆီးနဲ့ ''
လို့ မိန့်တတ်ပါသေးတယ်။ဆရာတော်က ဝက်သား၊ ကြက်သားကို အသီးအရွက်နဲ့ ရောချက်တာမျိုးပဲ အလိုရှိတယ်။သံဃာတွေ ဟင်းအကောင်းချည်း စားချင်နေတာမျိုးဖြစ်မှာ စိုးရိမ်တယ်။
ကျွန်မဟာ စစ်ကြောင့် ကျောင်းပညာကို အဆင့်မြင့်မားအောင် မသင်ကြားခဲ့ရဘူး။မဟာဂန္ဓာရုံ ဆရာတော်ကြီးရဲ့ သြဝါဒတွေကို ခံယူခွင့်ရခဲ့တယ်။စိတ်ကောင်းရှိဘို့ အဓိက၊အကျင့်သီလကောင်းဘို့ အဓိကဆိုတဲ့ဆရာတော်ရဲ့ သြဝါဒတွေနဲ့ နေထိုင်ခဲ့ပါတယ်။ဗုဒ္ဓဘာသာတရားကို အခြေခံတဲ့ စာပေနဲ့ နီးကပ်ခဲ့ပါတယ်။လောကီမှာ နေထိုင်စဥ်မှာလည်း ဘာသာတရားကို အခြေခံတဲ့ ကိုယ်ကျင့်သိက္ခာနဲ့ နေထိုင်ပါတယ်။အဖေနဲ့ အမေဟာလည်း ကျွန်မ စံထားခဲ့တဲ့ ကျေးဇူးရှင်တွေပါ။ အဖေနဲ့ အမေဟာ အိမ်ထောင်ပြုတော့ ပိုက်ဆံ ၈၅ ကျပ်ပဲ ရှိတာတဲ့။အဲဒီကနေ ကြီးပွားတိုးတက်အောင် အလုပ်လုပ်ခဲ့ကြတယ်။
ကျွန်မတို့ လူငယ်ဘဝက အဝတ်အစားတွေအတွက် ပိုက်ဆံ မသုံးကြပါဘူး။ ပိုက်ဆံ ပိုလျှံရင် လှူဘို့တန်းဘို့ပဲ စိတ်ကူးတယ်။ကျွန်မ တူမ မခင်စောဦး တက္ကသိုလ် တက်တော့ သူက ပြောတယ်။ ငွေ ၃၀ ကျပ်တန် ဘိနပ်ကို တက္ကသိုလ်ကျောင်းသူတစ်ဦး စီးလာတယ်။ ဘိနပ်က လှလိုက်တာတဲ့။ ကျွန်မက တူမဖြစ်သူကို ပြောလိုက်မိတယ်။ ၃၀ကျပ်တန် ဘိနပ် စီးထားတဲ့ ကောင်မရဲ့ ပါးကို ငါ ရိုက်ချင်တယ်လို့။ ဘာပြုလို့ ဘိနပ်အတွက် ငွေကို ဒီလောက် သုံးရသလဲပေါ့။အဲဒါ ကျွန်မ တူမတွေ တက္ကသိုလ် တက်တဲ့ ခေတ်ကပါ။
ငွေကြေးတွေရဲ့ တန်ဘိုးတွေကလည်း ပြောင်းလဲကုန်ပါပြီ။တူမတွေရဲ့ သမီးတွေ လက်ထက်မှာ သုံးသိန်းတန် ဘိနပ် စီးနေကြရင် ခေတ်က ဆန်းပြားလိုက်တာလို့ပဲ ကျွန်မ ပြောချင်ပါတော့တယ်။ မန္တလေးမှာလည်း ဟိုအရင်ခေတ်နဲ့ ဒီဘက်ခေတ်ဟာ လုံးဝ မတူတော့ပါဘူး။ငွေကြေးတွေ မတူသလို ၊ လူတွေလည်း မတူကြတော့ပါဘူး။ဒီဘက်ခေတ်ကို ဝေဖန်ရင် ကျွန်မကို ရှေးဆန်တယ်ပဲ ပြောကြမှာပါ။
ငွေကြေးဆိုလို့ အဖေ့ကို သတိရလာပြီ။ကျွန်မအဖေ ဦးကာကဟာ မန္တလေးမြို့လယ်မှာ ဂုဏ်သရေရှိစွာ နေထိုင်ခဲ့ပါတယ်။ငွေကြေးနဲ့ ပတ်သက်တဲ့ အဖေ့စိတ်ဟာ ရှင်းလင်းတယ်။သူများ ပိုက်ဆံကို ပေးစရာရှိရင် အဖေက မြန်မြန်ပေးမှ ကြိုက်တယ်။ သူများ ပိုက်ဆံကို ကိုယ့်လက်ထဲ ထိန်းထားတာ မကြိုက်ဘူး။ ကုန်ပစ္စည်းဘိုး ပေးစရာရှိရင်လည်း အဖေက မြန်မြန် ပေးချေမှ ကြိုက်တယ်။
မန္တလေးဟာ အခုတော့ ကျွန်မတို့နဲ့ လုံးဝစိမ်းတဲ့ လူစိမ်းတွေ ရောက်လာကြပြီ။ မန္တလေးမြို့လယ်ခေါင်မှာ လူစိမ်းတွေ ဝင်လာကြပြီ။အဖေက တရုတ်တော့ မှန်တယ်။ အဖေက မန္တလေးမှာ မန္တလေးလို နေထိုင်ခဲ့တာပါ။ကျွန်မတို့က တကယ့်မန္တလေးသူ အစစ်ပေါ့။ကျွန်မတို့ခေတ်က အရပ်ထဲမှာ တစ်ယောက်နဲ့တစ်ယောက်ဟာ သိပ်ပြီး ချစ်ခင်ရင်းနှီကြတာ။ကျွန်မတို့ တူမတွေ ရည်းစားထားရင် အရပ်ထဲက မိတ်ဆွေတွေက ခေါ်ရိုက်လို့ရတယ်။ ရပ်ဆွေရပ်မျိုးဆိုတာ တကယ့်ဆွေမျိုးအရင်းလိုပါပဲ။ သူများ သားသမီးဟာ ကိုယ့်သားသမီးလိုပဲ။ အမြင်မတော်ရင် ခေါ်ဆုံးမလို့ရတယ်။
ကျွန်မတို့ခေတ်က အုတ်တံတိုင်း အမြင့်ကြီးတွေ မကာပါဘူး။ အခု မန္တလေးကို ဝင်ရောက်အခြေချလာတဲ့ လူစိမ်းတွေ လူသစ်တွေက ခြံဝင်းကို အုတ်တံတိုင်းအမြင့်ကြီးတွေ အထူကြီးတွေ ကာလို့။ မန္တလေးမြို့ခံတွေနဲ့ သူတို့ဟာ မိတ်ဆွေ ဖြစ်မလာကြဘူး။ ကျွန်မတို့ခေတ်က အရပ်ထဲမှာ ဘယ်သူက အတွင်းရတနာပစ္စည်း ဘယ်လောက်ရှိတယ်ဆိုတာ တစ်အိမ်နဲ့တစ်အိမ် သိကြတယ်။ သူဟာ ဘယ်လက်ကောက်လေးကို ဘယ်တုန်းက ဝယ်တယ်ဆိုတာကအစ အခြားသူကလည်း သိတယ်။ တစ်အိမ်အိမ်က ဘုရားဖူးခရီးထွက်မယ်ဆိုရင် အိမ်မှာရှိတဲ့ လက်ဝတ်ရတနာပစ္စည်း၊ အတွင်းပစ္စည်းအားလုံးကို အထုပ်ကလေးထုပ်ပြီး အရပ်ထဲက အခြားအိမ်တစ်အိမ်ကို ယုံယုံကြည်ကြည် အပ်နှံထားတတ်ခဲ့ကြတယ်။ ရှေးခေတ်က တစ်ယောက်ကိုတစ်ယောက် အလွန် ယုံကြည်ကြ၊ ချစ်ခင်ကြ၊ သစ္စာရှိကြတယ်။ မန္တလေးမြို့မှာ ကျွန်မ နေထိုင်လာခဲ့တာ ဘယ်ခေတ်မှာ အပျော်ဆုံးလဲလို့ ကျွန်မ ပြန်တွေးကြည့်ပါတယ်။ စစ်မဖြစ်ခင်၊ ကျွန်မ အပျိုမဖြစ်ခင်က မန္တလေးမြို့မှာ နေထိုင်ခဲ့ရတဲ့ဘဝမှာ ကျွန်မ အပျော်ဆုံးပါပဲရှင်။
Daily Eleven
______________________

Art__M i c h a ë l - B o r r e m a n s
The Ear (II)
2011

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon