Nexus Legal Service
02/02/2026
မမှန်သက်သေခံခြင်း၊ မမှန်သက်သေဖန်တီးခြင်းတွေက ဘယ်လိုအရေးယူခံရနိုင်လဲ။ ပြစ်ဒဏ်တွေက ဘာတွေလဲ။
🔷 ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၉၁ နှင့် ၁၉၂ တွင် မမှန်သက်သေခံခြင်းနဲ့ မမှန်သက်သေဖန်တီးခြင်းဆိုတာ ဘယ်လိုမျိုးတွေလဲ ဆိုတာ အသေးစိတ်ရှင်းလင်းထားပြီးဖြစ်ပါတယ်။ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၉၃ မှာတော့ မမှန်သက်သေခံရင် ၊ ဖန်တီးရင် ဘယ်လိုပြစ်ဒဏ်တွေကျခံရနိုင်လဲ ဆိုတာ ပြဌာန်းထားပါတယ်။
🔷 ရာဇသတ်ကြီး ပုဒ်မ ၁၉၃ -
"တရားစီရင်သော မှုခင်းကိစ္စတွင် မည်သည့်အဆင့်၌ဖြစ်စေ၊ မည်သူမဆို မမှန် သက်သေခံလျှင် သို့တည်းမဟုတ် မည်သည့်အဆင့်၌ဖြစ်စေ သက်သေခံအဖြစ် အသုံးပြုရန် မမှန်သက်သေကို တမင်ဖန်တီးလျှင် ထိုသူကို ခုနစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
ထို့ပြင် အခြားမှုခင်းကိစ္စတွင် တမင် မမှန် သက်သေခံလျှင်၊ သို့တည်းမဟုတ် မမှန်သက်သေကို တမင်ဖန်တီးလျှင် ထိုသူကို သုံးနှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုး ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။"
ရှင်းလင်းချက် -၁။ ။စစ်တရားရုံးတွင် စစ်ဆေးစီရင်သော မှုခင်းကိစ္စသည် တရားစီရင်သော မှုခင်း ကိစ္စမည်၏။
ရှင်းလင်းချက် -၂။ ။ တရားရုံးတွင် အမှုစစ်ဆေးစီရင်ခြင်း မပြုမီ၊ ဥပဒေ ညွှန်ကြားချက်အရ ကြိုတင် မေးမြန်း စုံထောက်ခြင်းသည် တရားရုံးတွင် မေးမြန်းစုံထောက်မှု ပြုခြင်း မဟုတ်သော်လည်း တရားစီရင်သော မှုခင်းကိစ္စ၏ အဆင့်တစ်ဆင့်ဖြစ်သည်။
ရှင်းလင်းချက် - ၃။ ။ ဥပဒေအရ တရားရုံးက ညွှန်ကြား၍ တရားရုံးအမိန့်အရ ဆောင်ရွက်သော မေးမြန်းစုံထောက်ခြင်းသည် တရားရုံး မေးမြန်း စုံထောက်မှုပြုခြင်းမဟုတ် သော်လည်း တရားစီရင်သော မှုခင်းကိစ္စ၏ အဆင့်တစ်ဆင့်ဖြစ်သည်။
ဒီပုဒ်မက-
-ရဲအရေးမပိုင်ပါ။
-ကနဦး ဝရမ်းထုတ်ပေးနိုင်တယ်။
-အာမခံ ပေးနိုင်တယ်။
🔷 ဥပမာ-
၁။ အမှန်ထွက်ဆိုပါမယ်လို့ ကျမ်းသစ္စာပြုပြီး A က ရေးထိုးထားတဲ့လက်မှတ် တစ်ခုကို B ရဲ့လက်မှတ်ဖြစ်တယ်လို့မိမိ မယုံကြည်ပါလျက်နဲ့ B ရဲ့လက်မှတ်ဖြစ်တယ်လို့ ယုံကြည်ကြောင်း ထွက်ဆိုတယ်။
ဒီနေရာမှာ Aသည် B ရဲ့လက်မှတ် မဟုတ်တာကို သိလျက်နဲ့ B ရဲ့လက်မှတ်လို့ ထွက်ဆိုခြင်း ဖြစ်သည်။ ဒါ့ကြောင့် A ဟာ မမှန်သက်သေခံခြင်း ဖြစ်ပါတယ်။
၂။ A သည် B ရဲ့ ထိုးမြဲလက်မှတ်၊ လက်ရေးလက်သားကို သိလို့ ရေးထိုးထားတဲ့ လက်မှတ်တစ်ခုကို B ရဲ့ လက်မှတ်ဖြစ်တယ်လို့ သဘောရိုးဖြင့် ယုံကြည်သည့်အတိုင်း B ရဲ့ လက်မှတ်ဖြစ်သည်ဟု မိမိယုံကြည်ကြောင်း ထွက်ဆိုတယ်။
A ရဲ့ထွက်ဆိုချက်သည် သူ၏ ယုံကြည်ချက်နှင့်သာ သက်ဆိုင်သည့်အပြင် B ရဲ့လက်မှတ်လို့ သူတကယ် ယုံကြည်တာလဲဖြစ်တယ်။ ဒါ့ကြောင့် အဆိုပါ ရေးထိုးထားသော လက်မှတ်သည် B ရဲ့ လက်မှတ်မဟုတ်စေကာမူ A သည် မမှန်သက်သေခံတယ်လို့ မဆိုနိုင်ပါဘူး။
၃။ A က B ကို ငွေ သိန်း ၁၀၀ လိမ်လည် အလွဲသုံးစားလုပ်တယ်လို့ တရားစွဲထားတယ်။ C က A ဘက်က သက်သေလိုက်ပြီး B က ငွေယူထားတာ မှန်တယ်၊ သူသိတယ်၊ မြင်တယ် လို့ ထွက်ဆိုတယ်။ တကယ်တော့ C က တကယ်လဲ မသိသလို၊ B နဲ့ မတွေ့ခဲ့ဘူး။ ဒါဆိုရင် C က မမှန်မှန်းသိရဲ့နဲ့ လိမ်လည်ထွက်ဆိုတာဖြစ်တယ်။ ပြစ်မှုထင်ရှားရင် ဒီပုဒ်မအရ ပြစ်ဒဏ်ခံရမှာဖြစ်ပါတယ်
ဒီလောက်ဆိုရင် မမှန်သက်သေခံခြင်းဆိုတာဘာလဲ၊ ဘယ်လို ပြစ်ဒဏ်တွေခံရနိုင်လဲဆိုတာ သိသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်။
#မမှန်သက်သေခံခြင်း
12/01/2026
အလုပ်ခန့်ထားမှုဆိုင်ရာသဘာတူညီချက်စာချုပ်
Employment contract (EC) ဆိုတာ ဘာလဲ?
အလုပ်ခန့်ထားမှုဆိုင်ရာသဘာတူညီချက်စာချုပ် (EC) …ဆိုတာ အလုပ်ရှင် နဲ့ အလုပ်သမား အကြား တရားဝင်စည်းနှောင်မှုရှိတဲ့ သဘောတူညီချက် တစ်ခု ဖြစ်ပါတယ်။
💠အလုပ်အကိုင်နှင့်ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေ (၂၀၁၃)၊ အခန်း(၃)၊ ပုဒ်မ ၅(က) မှာ-
(၁) အလုပ်ရှင်သည် အလုပ်သမားအား အလုပ်တစ်ခုခုကို လုပ်ကိုင်ရန် ခန့်အပ်ပြီးပါက ရက်ပေါင်း ၃ဝ အတွင်း အလုပ်ခန့်ထားမှုဆိုင်ရာ သဘာတူညီချက် စာချုပ်ချုပ်ဆိုရမည်။ သို့ရာတွင် အစိုးရဌာန၊အစိုးရအဖွဲ့အစည်းတွင် အမြဲတမ်းဝန်ထမ်းခန့်အပ်ခြင်းနှင့် သက်ဆိုင်ခြင်းမရှိစေရ။
(၂) အလုပ်ခန့်ထားခြင်းမပြုမီ အကြိုသင်တန်းကာလ နှင့် အစမ်းခန့် ကာလသတ်မှတ်ပါက ယင်းသင်တန်းသားသည် ပုဒ်မခွဲငယ် (၁) ပါသတ်မှတ်ချက်နှင့် သက်ဆိုင်ခြင်းမရှိစေရ။ ...လို့ပြဌာန်းထားပါတယ်။
ပုဒ်မ ၅(ခ)မှာတော့ EC စာချုပ်ချုပ်ဆိုပါက အလုပ်အကိုင်အမျိုးအစား၊ အစမ်းခန့်ကာလ၊ လုပ်ခ/လစာ၊.......စတဲ့ EC မှာ ပါဝင်ရမဲ့အချက် (၂၁)ချက် ထုတ်ပြန်ခဲ့ပါတယ်။
အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ၃၁-၈-၂၀၁၅ ရက်နေ့တွင် ကြေညာချက်အမှတ် ၁/၂၀၁၅ ဖြင့် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ချုပ်ဆိုရန် ကြေညာခဲ့ပါတယ်။ သို့သော်လည်း စာချုပ်ချုပ်ဆိုရန် အခက်အခဲများရှိ၍ ၂၉-၇-၂၀၁၇ ရက်နေ့မှာ EC စာချုပ်မူကြမ်းကို ပြည်ထောင်စုရှေ့နေချုပ်ရုံးက အတည်ပြုခဲ့ပြီး uniform ဖြစ်တဲ့ EC စာချုပ်ပုံစံ ထွက်လာခဲ့ပါတယ်။ EC ပုံစံကို အောက်ပုံတွင်ဖော်ပြထားပါတယ်။
💠 EC ဘယ်အချိန်မှာချုပ်ရမလဲ၊ EC သက်တမ်း:
- အမိန့်ကြော်ငြာစာအမှတ် (၁၄၀/၂၀၁၇) အရ ပုဂ္ဂလိကကဏ္ဍ မှာ စက်ရုံ၊အလုပ်ရုံ၊အလုပ်ဌာန၊ကုမ္ပဏီ၊လုပ်ငန်းများမှာ ဝန်ထမ်း (၅)ဦးနဲ့ အထက်ရှိရင် EC ချုပ်ဆိုရမှာဖြစ်ပါတယ်။
- EC သက်တမ်းကို ဘယ်ရွေ့ဘယ်မျှဆိုပြီး မသတ်မှတ်ထားပေမဲ့ အနည်းဆုံး တစ်နှစ်ရှိရပါမယ်။ တချို့က EC ကို (၁)နှစ် တစ်ကြိမ် သက်တမ်းတိုးတဲ့သူများရှိသလို EC ပါ မည့်သည့်အချက်အလက်များမပြောင်းလဲပါက အသစ်ချုပ်ဆိုခြင်းမပြုဘဲ ယခင်ချုပ်ဆိုထားတဲ့အတိုင်း ထားကြပါတယ်။
- ပြည်ထောင်စု ရှေ့နေချုပ်ရုံးက အတည်ပြုပေးခဲ့ EC စာချုပ် အပိုဒ်(၅)(ခ)မှာ-
အလုပ်သမားဘက်မှစာချုပ်ပါ အချက်များကိုဖောက်ဖျက်ခြင်းမရှိပါက ဤသဘောတူစာချုပ်သက်တမ်းကာလ တိုးပေးနိုင်သည်။ သို့ရာတွင်အလုပ်ရှင်သည် စာချုပ်သက်တမ်းတိုးပေးခြင်းကိုအကြောင်းမဲ့ငြင်းပယ်ခြင်းမပြုရ"လို့ပါရှိပြီးဖြစ်ပါတယ်။
💠 EC ပုံစံ မှာပါရှိတဲ့ အချက်များကိုပြင်ဆင်၊ ဖြည့်စွက်ခြင်းလိုပါက:
အလုပ်အကိုင်နှင့်ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေ (၂၀၁၃) အခန်း(၃)၊ အပိုဒ် (၅-စ) မှာ-
“အလုပ်ရှင်နှင့်အလုပ်သမား (သို့)အလုပ်သမားများ သည်နှစ်ဖက်သဘောတူညီမှုဖြင့် အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူညီချက်စာချုပ်ပါ လုပ်ငန်းခွင်စည်းကမ်းနှင့်အကျိုးခံစားခွင့်များကို တည်ဆဲဥပဒေနှင့်အညီ လိုအပ်သလို ပြင်ဆင်နိုင်သည်။ “ဟုလည်းကောင်း၊
EC စာချုပ်အပိုဒ်(၂၁) (ဂ) မှာ-
" အလုပ်ခန့်ထားမှုဆိုင်ရာ စာချုပ်အား လုပ်ငန်း၏ သဘောသဘာဝအရ တည်ဆဲ အလုပ်သမား ဥပဒေများပါ ရပိုင်ခွင့်နှင့် အခွင့်အရေးများ အောက်ယုတ်လျော့ခြင်း မရှိဘဲ အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများနှင့်အညီ သက်ဆိုင်ရာ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန၊ ကုမ္ပဏီ၊ လုပ်ငန်းမှ အလုပ်ရှင်နှင့် ၅၀ ရာခိုင်နှုန်း ထက်ကျော်သော အလုပ်သမားများ၏ သဘောတူညီချက်ဖြင့်ပြင်ဆင်ဖြည့်စွက်နိုင်သည်။ "လို့ ဖေါ်ပြထားပြီးဖြစ်ပါတယ်။
ဒီနေရာမှာ EC ကို ပြင်ဆင်/ဖြည့်စွက်နိုင်တယ်။ ဒါပေမယ့် တည်ဆဲဥပဒေတွေနဲ့ညီပြီး ဥပဒေပါ ရပိုင်ခွင့်နှင့်အခွင့်အရေးများ အောက်ယုတ်လျော့ခြင်း မရှိရပါဘူး။ ပြင်ဆင်/ဖြည့်စွက်ချက်တွေကို အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန ခရိုင် (သို့) မြို့နယ်ဦးစီးမှုးထံ တင်ပြပြီးအတည်ပြုချက်ရယူရမှာဖြစ်ပါတယ်။
💠 EC အတည်ပြုခြင်း။
EC ကို (၃)အုပ် ပြင်ဆင်ရမှာဖြစ်ပြီး စာချုပ်မှာ အလုပ်ရှင်၊အလုပ်သမား၊ သက်သေ (၂)ဦး အပြင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနခရိုင်(သို့) မြို့နယ်ဦးစီးအရာရှိမှ အတည်ပြု လက်မှတ်ရေးထိုးရတဲ့ စာချုပ်ဖြစ်ပါတယ်။ ထိုသူများအားလုံး လက်မှတ်ထိုးပြီး လိုအပ်တဲ့ တံဆိပ် (seal) ရိုက်
နှိပ်ပြီးရင် အလုပ်သမား ကို (EC) တစ်အုပ်၊အလုပ်ရှင်ဘက်က တစ်အုပ် နဲ့ သက်ဆိုင်ရာ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ခရိုင်(သို့) မြို့နယ်ရုံးမှာ တစ်အုပ် သိမ်းဆည်းထားမှာဖြစ်ပါတယ်။
💠 EC စာချုပ် မချုပ်ဆိုပါက ပြစ်မှု၊ ပြစ်ဒဏ်။
၂၀၁၃ အလုပ်အကိုင်နှင့်ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေ ပုဒ်မ ၃၈(က) အရ-
"မည်သည့်အလုပ်ရှင်မဆို အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို ပြုလုပ်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ခြောက်လထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည် -
(က) ပုဒ်မ ၅၊ ပုဒ်မခွဲ(က)အရ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် ချုပ်ဆိုရန် ပျက်ကွက်ခြင်း၊" လို့ပါရှိပါတယ်။ ဒါဆိုရင် EC စာချုပ်ဆိုတာ ဘာလဲ၊ ဘာပုံစံ ရှိသလဲ၊ ဘာတွေ ပါဝင်ရမလဲဆိုတာ သိရှိသွားမယ်လို့မျှော်လင့်ပါတယ်။
#စာချုပ်
22/12/2025
ဒီတစ်ပတ်မှာတော့ "လိမ်လည်မှုဆိုတာ ဘာလဲ ၊လိမ်လည်မှုအတွက် ပြစ်ဒဏ်တွေက ဘာတွေလဲ၊ ဘယ်လိုတွေရှိလဲ" ဆိုတာ ဖော်ပြသွားမှာဖြစ်ပါတယ်။
📌ရာဇသတ်ကြီး ပုဒ်မ ၄၁၇
မည်သူမဆို လိမ်လည်မှုကျူးလွန်လျှင် ထိုသူကို ၃ နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
ဒီပုဒ်မက-
- ရဲအရေးပိုင်သည်။
- ကနဦး ဝရမ်းထုတ်ပေးနိုင်။
- အာမခံ မပေးနိုင်။
- ရုံး၏ ခွင့်ပြချက်အရ ကျေအေးလိုက ကျေအေးနိုင်။
ဥပမာ-
A သည် B ကို သူပိုင်ဆိုင်သည့် မြေတစ်ကွက်အား ရောင်းချပြီး လွှဲပြောင်းပေးခဲ့သည်။ ထို့ကြောင့် A သည် ယင်းမြေကွက်နှင့်ဆက်စပ်၍ ပိုင်ဆိုင်ခွင့်မရှိတော့သည်ကို သိလျက်နှင့် C အား ထိုမြေကွက်ကို တနည်းနည်းဖြင့် ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ဌားရမ်းခြင်း စသည်များ ပြုလုပ်ပြီး C ထံမှ ငွေကို ယူလျှင် A သည် ဤပုဒ်မအရ လိမ်လည်ခြင်းကို ကျူးလွန်ခြင်း ဖြစ်သည်။
သို့ဖြစ်၍ သာမန်လိမ်လည်မှုတစ်ရပ်ကို ကျူးလွန်ပါက အထက်ပါ ပုဒ်မအတိုင်း ပြစ်ဒဏ်ကျသင့်ခံရမည်ဖြစ်သည်။ လိမ်လည်မှုရဲ့ အဓိပ္ပာယ်ကို ရာဇသတ်ကြီး ပုဒ်မ ၄၁၅ မှာ အသေးစိတ်ဖော်ပြထားပါတယ်။
📌ရာဇသတ်ကြီး ပုဒ်မ ၄၁၅
မည်သူမဆို တစ်ဦးတစ်ယောက်သောသူအား လှည့်ဖြားခြင်းဖြင့် ထိုသို့လှည့်ဖြားခံရသူက သူတစ်ပါးအား ပစ္စည်းတစ်ခုခုကို ပေးအပ်စေရန်ဖြစ်စေ၊ သူတစ်ပါးထံတွင် ပစ္စည်းတစ်ခုခု ဆက်လက်ထားရှိသည်ကို သဘောတူစေရန်ဖြစ်စေ ထိုသို့လှည့်ဖြားခံရသောသူအား လိမ်လည်လှည့်ဖြားလိုသောသဘောဖြင့်သော်လည်းကောင်း၊ မရိုးမဖြောင့်သောသဘောဖြင့်သော်လည်းကောင်း သွေးဆောင်လျှင် သို့တည်းမဟုတ် တစ်ဦးတစ်ယောက်သောသူအား လှည့်ဖြားခြင်းဖြင့် ထိုသို့လှည့်ဖြားခြင်းခံရသောသူက အကယ်၍ လှည့်ဖြားခြင်း မခံခဲ့ရသော် မိမိပြုမည်မဟုတ်သော၊ သို့တည်းမဟုတ် မိမိပျက်ကွက်မည် မဟုတ်သောအရာကို ပြုစေရန်သော်လည်းကောင်း၊ မပြုဘဲပျက်ကွက်စေရန် သော်လည်းကောင်း၊ ထိုသို့ လှည့်ဖြားခြင်းခံရသောသူအား တမင်သွေးဆောင်လျှင် ထို့ပြင် ထိုပြုလုပ်မှုက၊ သို့တည်းမဟုတ် ထိုပျက်ကွက်မှုက ထိုသူ၏ ကိုယ်ကိုဖြစ်စေ၊ စိတ်ကိုဖြစ်စေ၊ ဂုဏ်သရေကိုဖြစ်စေ၊ ပစ္စည်းကိုဖြစ်စေ ပျက်စီး နစ်နာစေခြင်းသော်လည်းကောင်း၊ အန္တရာယ်သော်လည်းကောင်း ဖြစ်စေလျှင်၊ သို့တည်းမဟုတ် ထိုသို့ဖြစ်စေတန်ရာလျှင် ထိုသူသည် လိမ်လည်သည်မည်၏။
ရှင်းလင်းချက်။ ။ မရိုးမဖြောင့်သောသဘောနှင့် ကြောင်းခြင်းရာကို ထိမ်ချန်ခြင်းသည် ဤပုဒ်မ၏ အဓိပ္ပာယ်အရ လှည့်ဖြားခြင်းမည်၏။
📌ဤပုဒ်မနဲ့အကျုံးဝင်ဖို့ အင်္ဂါရပ်များ
- တစ်ဦးတစ်ယောက်ကို လိမ်လည်လှည့်ဖြားခြင်း။
- လိမ်လည်လှည့်ဖြားလိုသော သဘောဖြင့်သော်လည်းကောင်း၊ မရိုးမဖြောင့်သော သဘောဖြင့်သော် လည်းကောင်း လှည့်ဖြားခြင်းခံရသူက သူတစ်ပါးကို ပစ္စည်း တစ်ခုခုအား ပေးအပ်စေခြင်း (သို့) သူတစ်ပါးထံ ပစ္စည်းတစ်ခုခုအား ဆက်လက်ထားရှိသည်ကို သဘောတူစေခြင်း။
- လှည့်ဖြားခံရသူ၏ ကိုယ်ကိုဖြစ်စေ၊ စိတ်ကိုဖြစ်စေ၊ ဂုဏ်သရေကိုဖြစ်စေ၊ ပစ္စည်းကိုဖြစ်စေ ပျက်စီးနစ်နာစေရန်၊ အန္တရာယ်ဖြစ်စေရန် တမင်သွေးဆောင်၍ ပြုစေခြင်း၊ ပျက်ကွက်စေခြင်း။
📌 အထွေထွေ
- လိမ်လည်မှုတွင် အဓိကအချက်မှာ သွေးဆောင်စဉ်က တရားခံသည် လိမ်လည်လှည့်ဖြားလိုသော သဘောရှိခြင်းဖြစ်သည်။
- သာမန်ပဋိညာဉ်ချိုးဖောက်သည့်ကိစ္စသည် ပြစ်မှုကြောင်းအရ လိမ်လည်မှုတွင် အကျုံးမဝင်ပါ။
- ပစ္စည်းဆိုသော စကားရပ်တွင် ရွေ့ပြောင်းနိုင်သောပစ္စည်း သာမက မရွေ့မပြောင်းနိုင်သောပစ္စည်းလဲ ပါဝင်နိုင်သည်ဟု လက်ခံထားကြသည်။ (ဦးအောင်တင်ပါ ၂ နှင့် ဦးလှနီ၊ ၁၉၉၁ ခုနှစ်၊ ပြစ်မှုဆိုင်ရာ အထူးအယူခံအမှတ် ၂။)
- ပစ္စည်းပိုင်ရှင်အားသွေးဆောင်မှသာ ပြစ်မှုမြောက်မည်ဖြစ်ပြီး ပိုင်ရှင်မဲ့ပစ္စည်းနှင့်ပတ်သက်၍ လိမ်လည်မှုကျူးလွန်နိုင်မည်မဟုတ်။
- အလိမ်ခံရသူကိုယ်တိုင် ပျက်စီးဆုံးရှုံးနစ်နာမှုကို ခံစားရမှသာ ဤပုဒ်မနှင့် အကျုံးဝင်မည်ဖြစ်သည်။ အလိမ်ခံရသူ ကိုယ်တိုင်မဟုတ်ဘဲ အခြားလူတစ်ဦးတစ်ယောက်ကို ပျက်စီးဆုံးရှုံး နစ်နာစေပါက ဤပုဒ်မနှင့် သက်ဆိုင်မည်မဟုတ်ပေ။ အလိမ်ခံရသူအား တကယ် ပျက်စီးဆုံးရှုံး နစ်နာစေရန် မလိုပေ။ ပျက်စီးဆုံးရှုံးနစ်နာစေရန် အကြောင်းပေါ်ပေါက်ကလည်း ပြစ်မှု မြောက်သည်။
- နှုတ်ဖြင့်သော်လည်းကောင်း၊ အပြုအမူဖြင့်သော်လည်းကောင်း လိမ်လည်နိုင်မည်ဖြစ်သော်လည်း သာမန်ထိမ်ချန်ထားခြင်းဖြင့် လိမ်လည်ရာမရောက်ပေ။ မရိုးမဖြောင့်သော သဘောဖြင့် ထိမ်ချန်ခြင်းပြုမှသာ လိမ်လည်ရာရောက်သည်။
- ပြုလုပ်မှုတစ်ခုသည် လိမ်လည်မှု မမြောက်သော်လည်း လိမ်လည်ရန် အားထုတ်မှု၊ အားပေးကူညီမှု ဖြစ်နိုင်သည်။ မီးအာမခံ ကုမ္ပဏီသို့ မီးလောင်သည့် ကိစ္စနှင့်ပတ်သက်၍ လောင်သည်ထက်ပို၍ တောင်းခံခြင်းသည် လိမ်လည်ရန် အားထုတ်မှုမြောက်သည်။
- ချက်လက်မှတ်နှင့် ငွေပေးချေသည့်ကိစ္စတွင် ကြိုတင်ရက်စွဲဖြင့် ရေးသားထားသည့်ချက်လက်မှတ်ကို ပေးခြင်းအားဖြင့် ထိုချက်လက်မှတ်နှင့် ငွေထုတ်၍မရစေကာမူ ပြစ်မှုကြောင်းအရ လိမ်လည်မှုဖြင့် အရေးမယူနိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် ချက်လက်မှတ်ပေးသူသည် ဘဏ်၌ ငွေစာရင်းရှိပြီး ယင်းချက်လက်မှတ်သည် ငွေထုတ်ယူနိုင်ကြောင်း သက်သေဖြစ်သည်။ ချက်လက်မှတ်ပါ ငွေသည် ငွေစာရင်းတွင် အပြည့်ရှိပြီးသားဟု ကတိပြုရာ မရောက်ပါ။ စာရင်းပိုင်ရှင်/ချက်လက်မှတ်ပေးသူမှာ ကြိုတင်ရက်စွဲမတိုင်မှီ ငွေကို တစ်နည်းနည်းဖြင့် ဖြည့်စွက်နိုင်ခြင်းနှင့် အထက်ပါအကြောင်းများကြောင့် လိမ်လည်မှုဖြင့် အရေးမယူနိုင်ပါ။
- ကိုယ် စိတ်၊ သို့မဟုတ် ဂုဏ်သရေကို နစ်နာစေခြင်း အပိုင်းတွင် အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးကို လက်ထပ်ယူပါမည် ဟု အယုံသွင်း၍ ကာမရယူပြီးနောက် လက်ထပ်ရန်ငြင်းဆိုခြင်းသည် အမျိုးသမီး ကိုယ်၊ စိတ်နှင့် ဂုဏ်သရေကို ထိခိုက်နစ်နာစေသောကြောင့် လိမ်လည်မှုမြောက်သည်။
🟨 ရာဇသတ်ကြီး ပုဒ်မ ၄၁၇ နှင့် ပုဒ်မ ၄၂၀ မှာ ဆင်တူပြီး ပစ္စည်းကို အပ်ပေးခဲ့ရလျှင် ပိုမိုကြီးလေးတဲ့ပုဒ်မဖြစ်တဲ့ ပုဒ်မ ၄၂၀ ကို အသုံးပြုလေ့ရှိပါတယ်။ နောက်တစ်ပတ်မှာ ရာဇသတ်ကြီး ပုဒ်မ ၄၂၀ အကြောင်း ထပ်မံဖော်ပြပေးသွားမှာဖြစ်ပါတယ်။
#လိမ်လည်မှု
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Opening Hours
| Monday | 09:00 - 16:00 |
| Tuesday | 09:00 - 16:00 |
| Wednesday | 09:00 - 16:00 |
| Thursday | 09:00 - 16:00 |
| Friday | 09:00 - 16:00 |