Drops Of Light
နေ့စဉ်ဘဝရဲ့ ရုန်းကန်မှုတွေကြားမှာ ခဏတာနားခိုပြီး စိတ်ခွန်အားဖြည့်ဖို့ 'အလင်းစက်' ဆိုတဲ့ နေရာလေးတစ်ခု ဖန်တီးထားပါတယ်။ စိတ်အေးချမ်းစေမယ့် စာစုလေးတွေကို နေ့စဉ် တင်ဆက်ပေးသွားမှာမို့လို့ ကျွန်တော်တို့နဲ့အတူ လက်တွဲဖို့ ဖိတ်ခေါ်ပါတယ်။" ✨🕯️
28/01/2026
“လူတွေက ပျော်ရွှင်မှုကို တကယ်လိုချင်တာ ဟုတ်ရဲ့လား” (The Paradox of Happiness)
🔳 လူတိုင်းကို မေးကြည့်ရင်တော့ "ငါ ပျော်ချင်တာပေါ့" လို့ပဲ ဖြေကြမှာပါ။ ဒါပေမဲ့ လူ့အပြုအမူတွေကို သေချာလိုက်ကြည့်ရင် လူတွေဟာ ပျော်ရွှင်ခြင်း (Happiness) ထက် မွန်းကြပ်မှု၊ ဒုက္ခနဲ့ ရုန်းကန်နေရမှုတွေကို မသိစိတ်ကနေ ပိုနှစ်သက်နေသလားလို့ သံသယဖြစ်စရာ ရှိတယ်။
Slavoj Žižek က ပြောဖူးတယ်။ "ကျွန်တော်တို့တွေ တကယ်လိုချင်တာက ပျော်ရွှင်မှု မဟုတ်ဘူး။ ကျွန်တော်တို့ လိုချင်တာက 'လိုချင်နေရခြင်း' (Desire) ကိုသာ ဖြစ်တယ်" တဲ့..။
🔳 ခွေးတစ်ကောင်ဟာ ကားတစ်စီးမောင်းသွားရင် အနောက်ကနေဟောင်ပြီး အတင်းပြေးလိုက်တယ်။ ဒါပေမဲ့ တကယ်လို့ ကားရပ်ပေးလိုက်ရင် အဲဒီခွေး ဘာဆက်လုပ်မလဲ။ ဘာလုပ်ရမှန်းမသိဘဲ ကြောင်သွားလိမ့်မယ်။ သူလိုချင်တာ ကားကို ဖမ်းမိဖို့ မဟုတ်ဘူး။ "လိုက်ဖမ်းနေရတဲ့ အရသာ" (The thrill of the chase) ကို လိုချင်တာ။
လူတွေလည်း ဒီအတိုင်းပဲ..။
ငါသာ ထီပေါက်ရင်၊ ငါသာ ရာထူးတိုးရင်၊ ငါသာ ဒီကောင်မလေးကို ရရင်... ဆိုပြီး မျှော်လင့်ချက်တွေနဲ့ ရှင်သန်ကြတယ်။ တကယ်ရသွားတဲ့အခါ ခဏပဲ ပျော်ပြီး နောက်ထပ် လိုချင်စရာ အသစ်တစ်ခုကို ရှာဖွေပြီး ဒုက္ခခံကြပြန်ရော။
ဆိုလိုတာက ကျွန်မတို့ဟာ "ရည်မှန်းချက် ပြည့်ဝသွားခြင်း" (Satisfaction) ကို မလိုချင်ဘူး။ "တောင့်တနေရတဲ့ အခြေအနေ" (State of Desiring) ကိုပဲ စွဲလမ်းနေကြတာ။ ပန်းတိုင်ရောက်သွားရင် ပျင်းစရာကြီး ဖြစ်သွားမှာကို မသိစိတ်က ကြောက်နေကြတာ။
🔳 နောက်တစ်ခုက Self-Sabotage (ကိုယ့်လမ်းကိုယ်ဖျက်ခြင်း)။
ဘဝမှာ အရာရာ အဆင်ပြေနေပြီ၊ ငြိမ်းချမ်းနေပြီဆိုရင် လူတွေက မနေတတ်ကြတော့ဘူး။ ပြဿနာ မရှိမရှိအောင် ရှာကြတော့တယ်။
• အိမ်ထောင်ရေး သာယာနေရင် ရန်ဖြစ်စရာ အကြောင်းရှာလာတယ်။
• အလုပ်အဆင်ပြေနေရင် အလုပ်ထွက်ချင်စိတ် ပေါက်လာတယ်။
ဘာလို့လဲဆိုတော့ လူသားတွေဟာ "ငြိမ်းချမ်းခြင်း" နဲ့ မတည့်ဘူး။ ကျွန်မတို့ရဲ့ ဦးနှောက်က ပြဿနာဖြေရှင်းဖို့ (Problem Solving) ဒီဇိုင်းလုပ်ထားတာ။ ဖြေရှင်းစရာ ပြဿနာမရှိရင် ဘဝက အဓိပ္ပာယ်မဲ့သလို ခံစားလာရလို့ ဒုက္ခကို ဖိတ်ခေါ်တတ်ကြတယ်။
ဒါကြောင့် "ငါ အေးအေးဆေးဆေး နေချင်တယ်" ဆိုတာ လိမ်ညာမှုတစ်ခုပဲ။ တကယ် အေးဆေးသွားရင် လူတွေက "Drama" တစ်ခုခုကို ပြန်တောင့်တလာကြစမြဲပဲ။
🔳 Happiness (ပျော်ရွှင်မှု) ဆိုတာ ဈေးကွက်စီးပွားရေးရဲ့ အကြီးမားဆုံး လိမ်ညာမှု (Marketing Gimmick) တစ်ခုလို့တောင် ပြောလို့ရတယ်။
လူတွေကို မပျော်အောင် လုပ်ထားမှ ပစ္စည်းတွေ ရောင်းရမှာလေ..။
"မင်း ဒါမရှိသေးလို့ မပျော်တာ၊ ဝယ်လိုက်ရင် ပျော်သွားမယ်" ဆိုပြီး ဆွဲဆောင်တယ်။ တကယ်တမ်း ဝယ်ပြီးရင် မပျော်ဘူးဆိုတာ သူတို့သိသလို ကိုယ်လည်း သိတယ်။ ဒါပေမဲ့ ကျွန်တော်တို့က အဲဒီ "မျှော်လင့်ချက်" ကို ဝယ်နေကြတာ။
Schopenhauer ရဲ့ Pessimism အလိုအရဆိုရင် "Life is a pendulum swinging between pain and boredom" (ဘဝဆိုတာ နာကျင်မှုနဲ့ ပျင်းရိမှုကြား ယိမ်းထိုးနေတဲ့ နာရီချိန်သီးပဲ) တဲ့။
တစ်ခုခုကို လိုချင်နေတုန်းက မရလို့ နာကျင်ရတယ်။ ရပြီးသွားပြန်တော့လည်း ပျင်းရိလာပြန်ရော။ ဒီနှစ်ခုကြားမှာပဲ သံသရာလည်နေတာ။ ပျော်ရွှင်မှုဆိုတာ အဲဒီ ဒုက္ခနှစ်ခုကြားက ခဏတာ အနားယူချိန် (Brief pause) လေးပဲ ဖြစ်တယ်။
🔳 ဒါဆို ဘာဆက်လုပ်မလဲ။ ပျော်ရွှင်မှုကို လိုက်ရှာနေတာ ရပ်လိုက်ဖို့ပါပဲ။
Fyodor Dostoevsky ပြောသလို "လူသားတွေဟာ ပျော်ရွှင်မှုလောက်ပဲ လိုအပ်တာ မဟုတ်ဘူး။ တူညီတဲ့ ပမာဏလောက်ပဲရှိတဲ့ ဒုက္ခဆင်းရဲကိုလည်း လိုအပ်တယ်" ဆိုတာကို လက်ခံလိုက်ပါ။
ဘဝရဲ့ ရည်ရွယ်ချက်က "ပျော်ရွှင်ဖို့" (To be happy) မဟုတ်ပါဘူး။ "အဓိပ္ပာယ်ရှိဖို့" (To be meaningful) ပါ။
အဓိပ္ပာယ်ရှိဖို့အတွက်ဆိုရင် ပျော်စရာတွေရော၊ နာကျင်စရာတွေရော၊ ရုန်းကန်ရတာတွေကိုရော ပွေ့ဖက်ထားနိုင်ရပါမယ်။
🔳 နိဂုံးချုပ်ရရင်...
သင် အခု မပျော်ဘူးဆိုရင် ဝမ်းမနည်းပါနဲ့။ သင့်ရဲ့ မသိစိတ်က အဲဒီ မပြည့်စုံမှုကို လိုအပ်နေလို့ ဖန်တီးထားတာ ဖြစ်နိုင်တယ်။
ပြည့်စုံခြင်းဆိုတာ နိဂုံးပဲ။ မပြည့်စုံခြင်းကမှ ဆက်လက်ရှင်သန်ဖို့ တွန်းအား (Drive) တစ်ခု ဖြစ်နေတတ်လို့ပါပဲ။
ဒါကြောင့် "ပျော်ရွှင်သော ဘဝ" ကို မရှာပါနဲ့။
အခက်အခဲတွေ၊ ဒုက္ခတွေ ကြုံလာရင်တောင် ကြံ့ကြံ့ခံပြီး ရှေ့ဆက်ချင်စိတ် ဖြစ်ပေါ်စေမယ့် "အကြောင်းပြချက် ခိုင်ခိုင်လုံလုံရှိသော ဘဝ" ကိုသာ တည်ဆောက်ပါ။
#ဉာဏ
January 28, 2026
_________________________________________
ဆရာမဉာဏ၏စာအုပ်များကို City Mart စင်တာများနဲ့ အမြို့မြို့အနယ်နယ် စာအုပ်ဆိုင်များမှာ ဝယ်ယူရရှိနိုင်ပါတယ်။ Online က မှာယူလိုပါလျှင် Page Messenger ကနေ လာရောက်မှာယူနိုင်ပါတယ်။
Click here to claim your Sponsored Listing.
Category
Website
Address
00001