Zann
02/04/2025
“Guilt ကို ဖြေဖျောက်ကြတဲ့အခါ”
🔳 ကိုယ်တိုင်မဖြစ်ဖူးသေးဘဲ တကယ်ကိုယ်ချင်းစာနိုင်ဖို့ မလွယ်မှန်း ပိုပြီး သဘောပေါက်ခဲ့ရတဲ့ ကာလပါပဲ။
ငလျင်ဆိုတဲ့ သဘာဝဘေးက တကယ့်စက္ကန့်ပိုင်း၊ မိနစ်ပိုင်း။ ခုနလေးကမှ ပြုံးပြုံးရွှင်ရွှင် ပျော်ပျော်ပါးပါး ပြောပြောဆိုဆို ရှိနေကြဦးမယ်။ အခိုက်အတန့်ကလေးတစ်ခုအတွင်းမှာပဲ ပျောက်ကွယ်ပျက်ဆီးသွားရတယ်။
🔳 မိသားစုတွေ၊ ဆွေမျိုးရင်းချာတွေ၊ ချစ်သူခင်သူတွေ ဆုံးရှုံးရတယ်။ ငွေက ပြန်ရှာလို့ ရပါတယ်ဆိုရင်တောင် ကိုယ့်တစ်သက်လုံး ရှာဖွေစုဆောင်းလာတဲ့အရာတွေ ခဏလေးအတွင်း ဆုံးရှုံးသွားတာ။ ငွေ ၄-၅ သိန်းလောက် လိမ်ခံရရင်တောင် ဘယ်လိုခံစားရသလဲ စဉ်းစားကြည့်။ အခုက ပျက်စီးမှုလည်း များတယ်။ အချိန်ကလည်း တကယ့်တိုတိုလေး။ စိတ်ပိုင်းဆိုင်ရာအရ ဘာပြင်ဆင်ချိန်မှ မရခဲ့ဘူး။
နောက်ဆက်တွဲ ကျန်းမာရေး၊ လူမှုရေး၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကိုလည်း ရင်ဆိုင်ကြရလိမ့်ဦးမယ်။ မြင်မြင်သမျှကလည်း တကယ့်အနိဌာရုံတွေ။ တော်ရုံလူ ကြုံဖူးမှာမဟုတ်တဲ့ အရာတွေပါ။
🔳 ဒီလိုအချိန်မှာ အပေါ်ယံ အားပေးစကားပြောတာ၊ တရားပြနေတာတွေထက် သူတို့ခံစားချက်ကို အရှိအရှိအတိုင်းလေး နားထောင်ပေးတာ၊ ရင်ဖွင့်ချင်တာကစလို့ ဘာအကူအညီလိုလို ကိုယ်ရှိကြောင်း အသိပေးထားတာတွေက ပိုအကူအညီဖြစ်လိမ့်မယ်လို့ ထင်တယ်။ တကယ်လို့ ကိုယ်တိုင်လည်း စိတ်အဆင်မပြေနေဘူးဆိုရင် ဘာမှကို မပြောနဲ့။ ဘာမှကို မရေးနဲ့။ မဟုတ်ရင် ဒဏ်ရာရပြီးသား လူတွေကို နောက်ထပ် စိတ်ဆင်းရဲစရာတွေ ထပ်ပေးနေမိမှာစိုးလို့။
အထူးသဖြင့် လူမှုကွန်ရက်ပေါ် အတိုင်းအတာတစ်ခုထိ လူသိများသူတွေ ပိုသတိထားသင့်တယ်။
🔳 ကာယကံရှင်တွေမှ မဟုတ်ဘဲ တပြည်လုံး အတိုင်းအတာနဲ့ကို သွယ်ဝိုက်ပြီး စိတ်ထိခိုက်မှုတွေ ကြုံနေရပါတယ်။ အဲဒီအခါ အများစုမှာ Guilt လို့ ခေါ်တဲ့ အပြစ်ရှိသလိုဖြစ်တဲ့ ခံစားချက်မျိုး ရလာတယ်။ စိတ်ဓါတ်တွေ ကျလာတယ်။ လုပ်ချင်ကိုင်ချင်စိတ်တွေ လျော့နည်းလာတယ်။
ဒါ စိတ်ကျန်းမာရေးအတွက် မကောင်းသလို၊ တစ်ဖက်မှာလည်း အဲဒါကို ဖြေဖျောက်ဖို့ ကြိုးစားရင်း တလွဲတချော်တွေ လုပ်မိတတ်တယ်။ ဥပမာ ပို့စ်တွေ၊ သတင်းတွေ မစိစစ်ဘဲ မြင်မြင်သမျှ အကုန်ကူးတင်ပစ်တာမျိုး။
တကယ်တော့ အကူအညီတစ်ခုခု ဖြစ်စေချင်တာပဲ။ နေရတာ မပျော်တော့လို့၊ အသုံးမကျသလို ခံစားလာရလို့ တစ်ခုခု ထလုပ်တာ။ သို့သော် အဲဒီလို လုပ်လိုက်တော့မှ သတင်းမှားတွေ ပိုပျံ့ပြီး ရှုပ်ကုန်တာပေါ့။
🔳 မိုတီဗေးရှင်း ပေးတာ၊ တရားပြတာ၊ နားချတာတွေကလည်း အဲဒီအတိုင်းပဲ။ ကူညီပုံ ကူညီနည်း မမှန်တော့ ဖတ်ရသူတွေကို စိတ်ပိုရှုပ်ထွေးစေတယ်။ တကယ်ခက်ခဲနေသူတွေ ဖတ်မိရင်လည်း ဘယ်လောက်တောင် ဒေါသထွက်ကြရမလဲ စဉ်းစားကြည့်။
ငွေလှူတာတောင်မှ လူတွေ တအားလှူချင်နေတာ သိတော့ လိမ်မယ့် ပေ့ချ်အတုတွေ ပေါ်လာတယ်။ ထမင်းထုပ်တွေ အများကြီးဖြစ်ပြီး သိုးကုန်တာ၊ ပိုလျှံကုန်တာတွေလည်း ဘယ်သဘာဝဘေးကို ကူတုန်းကဖြစ်ဖြစ် ရှိခဲ့ဖူးကြတယ်။
🔳 ဒီအတွက် Guilt ကို ဖြေဖျောက်တဲ့နေရာမှာ ပိုပြီး နည်းမှန်လမ်းမှန်နဲ့ လုပ်ကြစေချင်တယ်။ ဘယ်သူ့ကိုမှ အန္တရာယ် မဖြစ်နိုင်တာတွေပေါ့။ တကယ်လည်း ထိရောက်မယ့်အရာတွေပေါ့။ လုပ်အားမကူနိုင်တောင် ငွေလှူဒါန်းတာ၊ စိတ်ချယုံကြည်ရတဲ့ သတင်းရင်းမြစ် သို့မဟုတ် လူပုဂ္ဂိုလ်က တင်ထားတဲ့ ပို့စ်တွေကိုပဲ ဦးစားပေး မျှဝေတာ၊ တစ်ခုခုကို မျှဝေတော့မယ်ဆိုလည်း အချိန်ကလေး နည်းနည်းတော့ပေးပြီး စိစစ်တာ စသဖြင့် လုပ်လို့ရပါတယ်။
စိတ်ပိုင်းဆိုင်ရာအတွက်လည်း နားထောင်ပေးတာ၊ သူတို့ခံစားချက်ကို အသိအမှတ်ပြုတာ၊ လိုအပ်မယ့် အရာတွေအတွက် ကူညီပေးနိုင်သူတွေနဲ့ ချိတ်ဆက်ပေးတာ၊ ဒီလိုနည်းတွေနဲ့ ကူလို့ရတယ်။ ပိုပြီး စိတ်ထိခိုက်သွားစေမယ့် စကားလုံးတွေ၊ အရေးအသားတွေကိုတော့ ရှောင်စေချင်ပါတယ်။
ကျွန်တော်ဆို ဒီတစ်ခါ သဘာဝဘေးမှာ နိုင်ငံရေးအကြောင်းတောင် သိပ်မပြောဖြစ်ပါဘူး။ ပြောရတာ အပ်ကြောင်းလည်း ထပ်နေပြီမို့၊ နောက်ပြီး ကိုယ့်မိသားစုသာ ဒီလိုဖြစ်နေခဲ့ရင် ကိုယ်လည်း အဲဒီလိုစာတွေ ဖတ်နေချင်မှာ မဟုတ်ဘူး တွေးမိလို့ပါ။
🔳 တစ်ခါရေးဖူးသလို၊ အပြစ်ရှိသလို ဖြစ်တဲ့ခံစားချက်ဟာ ကောင်းပါတယ်။ လူမှန်ရင် ရှိကိုရှိရလိမ့်မယ်။ ခု ငလျင်မှ မဟုတ်ပါဘူး။ မြန်မာပြည်မှာ ဒုက္ခပင်လယ်ဝေနေတာ ၄ နှစ်ကျော်ခဲ့ပါပြီ။ အမြဲထမ်းပိုးထားရမယ် မဟုတ်ပေမဲ့ ဒီခံစားချက်က ဖြစ်ကိုဖြစ်ရမယ်။
မဖြစ်ဘဲ ကိုယ်နဲ့မဆိုင်သလို ပျော်နေနိုင်တယ်၊ အလုပ်တွေ လုပ်နေနိုင်တယ် ဆိုရင်သာ တစ်ခုခု မှားနေတာပါ။
🔳 သို့သော် လွန်ကဲသွားရင်တော့ ကိုယ့်ရဲ့ ကျန်းမာရေးကို ထိခိုက်လာတတ်တယ်။ ဒါကြောင့် ကိုင်တွယ်ဖြေရှင်းသင့်ပါတယ်။
အဲဒီလို ဖြေရှင်းရာ၊ ထွက်ပေါက်ပေးရာမှာလည်း အများအတွက် အကူအညီ မဖြစ်တောင် အနှောင့်အယှက် ပိုမဖြစ်ရစေဖို့ကို သတိထားစေချင်တယ်။
🔳 တိတ်တိတ်ကလေးနေခြင်း၊ သိုသိုသိပ်သိပ်နေခြင်းက မပေးတတ် ပေးတတ်နဲ့ ပေးနေတဲ့ အကူအညီတွေထက် တစ်ခါတလေ ပိုအသုံးတည့်တတ်ပါတယ်။
ဒေါက်တာ ဖြိုးသီဟ
၁.၄.၂၀၂၅
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon