CHALK Learning Academy
31/08/2020
Learning style (သင်ယူမှုပုံစံ) နဲ့ Learning Strategy (သင်ယူမှု နည်းစနစ် သို့မဟုတ် သင်ယူမှု နည်းလမ်း)
***** ***** ***** ***** ***** ***** ***** ***** *****
လေ့လာသင်ယူမှုဆိုတာ တသက်တာလုပ်ငန်းစဥ်တခုဖြစ်တယ်လို့ဆိုကြတယ်။ ကျတော်တို့တွေဟာ တချိန်မဟုတ်တချိန်မှာ သင်ယူသူတွေ ဖြစ်နေကြတတ်တယ်လို့ဆိုရမလိုပါပဲ။ ဒီလိုစဥ်ဆက်မပြတ် လေ့လာသင်ယူနေရတဲ့ လူတွေမှာ တယောက်နဲ့တယောက် သင်ယူပုံတွေ၊ လေ့လာမှတ်ယူပုံ နည်းစနစ်တွေ ကွဲပြားခြားနားလေ့ရှိကြပါတယ်။ ကိုယ်အားသာတဲ့ ပုံစံနဲ့ သင်ယူရတဲ့အခါ အလွယ်တကူမှတ်မိလေ့ရှိပြီး၊ ကိုယ်သဘောကျနှစ်ခြိုက်တဲ့ မှတ်သားမှု ပုံစံနဲ့ လေ့လာမှတ်သားလေ့ရှိကြပါတယ်။
ဒါတွေကတော့ သင်ယူသူတွေရဲ့ Learning Style နဲ့ Learning Strategy တွေ ပါပဲ။ တယောက်နဲ့တယောက် အားသာတဲ့ပုံစံ၊ အသုံးပြုတဲ့ နည်းလမ်းတွေ တူကြမှမဟုတ်ပါဘူး။ ဒါတွေကို သင်ကြားပို့ချသူတွေကလည်း သတိပြုမိဖို့လိုအပ်ပါတယ်။
Learning Style ဆိုတာဘာလဲ?
အကျဥ်းချုပ် နဲ့အလွယ်တကူပြောရရင် သင်ယူသူတယောက်ဟာ ဘယ်နည်းလမ်း၊ ဘယ်ပုံစံနဲ့ချဥ်းကပ် သင်ယူလေ့ရှိသလဲ၊ အားသာသလဲ ဖော်ပြတာပါ။ ဥပမာအဖြစ် အမြင်နဲ့ သင်ယူတာ၊ အကြားနဲ့သင်ယူတာ၊ ကိုယ်တိုင်ပါဝင်လှုပ်ရှားမှုနဲ့သင်ယူတာ စသည်ဖြင့်ဖြစ်ပါတယ်။
Learning Strategy ကတော့ သင်ယူလေ့လာသူက ဘယ်လိုလေ့လာမှတ်သားလဲဆိုတာပါ။ ဥပမာ ဆိုရရင် ချရေးလိုက်ရမှ မှတ်မိတာမျိုး၊ အော်ကျက်မှ မှတ်မိတယ်ဆိုတာမျိုးပါ။ သင်ယူသူတယောက်နဲ့တယောက် အသုံးပြုတဲ့ နည်းလမ်းတွေကွဲပြားနိုင်ပါတယ်။
Learning Style က ယေဘုယျအားဖြင့် ဆိုလိုတာဖြစ်ပြီး Learning Strategy ကတော့ ပိုပြီး အတိအကျ၊ အသေးစိတ်သွားတယ်လို့ဆိုနိုင်ပါတယ်။
Learning Style မှာလူသိများတာကတော့ Visual(အမြင်), Auditory (အကြား) နဲ့ Physical or Kinesthetic (လှုပ်ရှားမှု) နဲ့သင်ယူခြင်းတွေပါပဲ။ ဒီထက်လည်းပိုရှိပါသေးတယ်။ ဆက်လက်လေ့လာကြည့်နိုင်ပါတယ်။ ဒီမှာတော့အသေးစိတ်မဖော်ပြတော့ပါဘူး။
အဓိကပြောချင်တာက သင်ယူသူတွေမှာ အားသာတဲ့ သင်ယူမှုပုံစံ၊ သင်ယူမှုနည်းစနစ်တွေကွဲပြားလေ့ရှိကြတယ်ဆိုတာပါ။ သင်ကြားပို့ချသူအနေနဲ့ ကိုယ့်ရဲ့သင်ယူသူက ဘာကိုပိုအားသန်သလဲဆိုတာကို သိရင် သင်ယူမှုလုပ်ငန်းစဥ်မှာ ပိုထိရောက်ပါတယ်။ နောက်ပြီး မတူကွဲပြားတဲ့ သင်ယူမှုပုံစံတွေ၊ သင်ယူသူတွေအတွက် အဆင်ပြေအောင်လုပ်ဆောင်ပို့ချပေးသင့်ပါတယ်။ အမြင်နဲ့ သင်ယူမှုပုံစံကို အားသာသူတွေဟာ ထိုင်ပဲ ပြောနေတဲ့သင်ခန်းစာကို မှတ်မိသွားဖို့ ခက်ပါလိမ့်မယ်။ အကြားနဲ့ သင်ယူမှုကို အားသာသူကလည်း ရေးပြနေတာတွေ၊ ဗီဒီယိုတွေကနေတဆင့် လေ့လာရတဲ့အခါ တခြားလူထက်အားစိုက်ရပါလိမ့်မယ်။ ဒါတွေကို နားလည်ထားပြီး မိမိရဲ့ သင်ကြားပို့ချမှုမှာ နည်းလမ်းမျိုးစုံ အသုံးပြုသွားပေးဖို့လိုပါတယ်။ ဒါ့အပြင် သင်ယူသူတယောက်ချင်းရဲ့ သင်ယူလေ့လာတဲ့ နည်းစနစ်မတူတာကို အသိအမှတ်ပြုပေးပြီး သူတို့ရဲ့ သင်ယူမှု လုပ်ငန်းစဥ်မှာ အကောင်းဆုံးအသုံးချတတ်အောင် အားပေးလုပ်ဆောင်ပေးသွားဖို့ အကြံပြုတိုက်တွန်းပါရစေ။
Photo credit
Click here to claim your Sponsored Listing.
Category
Website
Address
Mandalay