Fill U R Brain
လူတွေ ရေထဲရောက်တဲ့အခါ ပေါ်နေမှာလား မြုပ်သွားမှာလား။
Part - 1
22/03/2025
12 RULES FOR LIFE
Rule 5: Pet a Cat When You Encounter One on the Street:
လမ်းပေါ်မှာ ကြောင်တကောင်ကို တွေ့တဲ့အခါ ပွတ်သပ်ပေးပါ။
ဒါက အခက်ခဲဆုံးအချိန်မှာတောင် လှပမှုနဲ့ ငြိမ်းချမ်းမှုကို ရှာဖွေပါလို့ ပြောတာပါ။ ဘ၀က မလွယ်ကူဘူး။ ဖိစီးမှုတွေ၊ ၀မ်းနည်းရမှုတွေ၊ ဆုံးရှုံးမှုတွေ၊ နာကျင်မှုတွေကို မင်း ရင်ဆိုင်ရလိမ့်မယ်။
ဒီလိုခက်ခဲမှုတွေနဲ့ အမှောင်ဆုံးအချိန်မှာတောင် ကြည်နူးစရာလှပတဲ့ အခိုက်အတန့်တွေ ရှိတယ်။ ဖြတ်လျှောက်သွားတဲ့ ကြောင်တကောင်၊ နေရောင်ခြည်ရဲ့ နွေးထွေးမှု၊ သူစိမ်းတယောက်ဆီက နွေးထွေးတဲ့ စကားတခွန်း စသဖြင့် ဒီလိုသေးငယ်တဲ့အရာလေးတွေက ဘ၀ဟာ ရှင်သန်ဖို့ ထိုက်တန်တယ်လို့ မင်းကို အမှတ်ရစေနိုင်ပါတယ်။
ခက်ခဲတဲ့ အချိန်တခုကို ကျော်ဖြတ်နေတဲ့ လူနှစ်ယောက်ရှိတယ် ဆိုပါတော့
ပထမလူက နာကျင်မှုကို အာရုံစိုက်တယ်။ သူက ဘာမှအကောင်းမမြင်ဘူး။ မျှော်လင့်ချက်တွေလည်း မဲ့နေသူပေါ့။
ဒုတိယလူက နာကျင်နေရင်တောင်မှပဲ သေးငယ်တဲ့ ပျော်ရွှင်မှုလေးတွေကို သတိထားတယ်။ သီချင်းနားထောင်တာ၊ နေ၀င်ဆည်းဆာအလှကို ခံစားတာ၊ ကော်ဖီတခွက်ကို ဇိမ်ကျကျ သောက်တာမျိုးတွေကို သူ လုပ်တယ်။
ဒါတွေက သူ့ကို သန်မာစေပြီး ရှေ့ဆက်လျှောက်ဖို့ ကူညီပေးတယ်။
ဒီနှစ်ယောက်မှာ ဒုတိယလူကပဲ ကိုယ့်ကိုကိုယ် ပိုမြန်မြန် ကုစားနိုင်လိမ့်မယ်။ ဘာလို့ဆို သူက အမှောင်ဆုံးအချိန်မှာတောင် အလင်းစလေးတွေကို ရှာဖွေတတ်လို့ပါပဲ။
အောင်မြင်တဲ့ လူအများစုဟာ ဆင်းရဲမွဲတေမှု၊ ရောဂါ၊ ကျရှုံးမှု၊ ဆုံးရှုံးမှု စသဖြင့် ကြီးမားတဲ့အခက်ခဲတွေကို ကျော်လွှားကြရတယ်။
သို့သော် သူတို့တွေက အရှုံးမပေးဘူး။ သူတို့ကို ရှေ့ဆက်ဖို့ ခွန်အားတွေပေးတဲ့ သေးငယ်သော ပျော်ရွှင်မှုလေးတွေကိုလည်း သတိထား ခံစားကြတယ်။
အခက်ခဲတွေကြားမှာ စိတ်ပျက်အားလျော့နေတဲ့ လူတယောက်ရှိတယ်။ တနေ့ သူဟာ ဇာတ်ကားတကားကို ကြည့်ရင်း စာကြောင်းလေး တကြောင်းကို သတိထားမိသွားတယ်။ အဲ့ဒီ စာကြောင်းလေး တကြောင်းကပဲ သူ့ကို ရှေ့ဆက်ဖို့ ယုံကြည်မှုတွေ ရရှိစေခဲ့တယ်။
ဒါကြောင့် ဘ၀က ဘယ်လောက်ပဲ ခက်ခဲပါစေ ငြိမ်းချမ်းမှုနဲ့ ပျော်ရွှင်မှုအခိုက်တန့်ငယ်လေးတွေကို သတိထား ခံစားပါ။ မင်း ပင်ပန်းနေရင် အနားယူ၊ အသက်ကို ၀အောင်ရှူပြီး မင်းစိတ်ကို ကြည်နူးစေမယ့် သေးငယ်တဲ့ အရာလေးတွေကို တန်ဖိုးထားပါ။
မှတ်ချက် - ဘ၀မှာ နာကျင်နေရင်တောင် လှပမှုက ရှိဆဲပဲ။ ဒီရိုးရှင်းတဲ့အတွေးက အဆိုးရွားဆုံးအချိန်မှာတောင် မင်းကို ကျော်လွှားနိုင်ဖို့ ကူညီနိုင်တယ်။
20/03/2025
12 RULES FOR LIFE
Rule 4: Pursue What is Meaningful Not What is Expedient:
အလွယ်လမ်းမရွေးနဲ့ အဓိပ္ပါယ်ရှိတဲ့ အရာကို လေ့လာလိုက်စားပါ။
ဘ၀မှာ လူတွေက လွယ်ကူတဲ့ နည်းလမ်းတွေကို ရွေးချယ်တတ်ကြတယ်။ လူတွေဟာ အတိုဆုံးလမ်းတွေ၊ လျင်လျင်မြန်မြန် အကျိုးခံစားရမှုတွေနဲ့ ချက်ချင်းရမယ့် စိတ်ကျေနပ်စရာတွေကို ရှာဖွေနေကြတယ်။
ဒီ rule က ငါတို့ကို တကယ့်အောင်မြင်မှုဆိုတာ အဓိပ္ပါယ်ရှိတဲ့ အရာတွေကို လေ့လာလိုက်စားခြင်းမှ ရနိုင်တယ်၊ ဒီအရာတွေက လွယ်ကူမှာ မဟုတ်ဘူး။ အဆင်မပြေမှုတွေလဲ ရှိနိုင်တယ်လို့ ပြောတာဖြစ်တယ်။
အများစုသော လူတွေက ကြိုးစားအားထုတ်မှုမရှိဘဲ အောင်မြင်မှုကို လိုချင်ကြတယ်။ စိုက်အားမရှိဘဲ ပိုက်ဆံကို လိုချင်ကြတယ်။ လေ့ကျင့်ခန်း မလုပ်ဘဲ ခန္ဓာကိုယ် လှချင်ကြတယ်။
လေ့ကျင့်မှု မရှိဘဲ အင်္ဂလိပ်လို ကျွမ်းကျင်စွာ ပြောချင်ကြတယ်။ ဘ၀က ဒါမျိုး ပေးမှာမဟုတ်ဘူး။ အမှန်တကယ် အရေးကြီးတဲ့အရာတွေက သည်းခံမှု၊ စိတ်အားထက်သန်မှုနဲ့ အားထုတ်မှုတွေ လိုအပ်တယ်။
မင်းရှေ့မှာ လမ်းနှစ်ခု ရှိတယ်ဆိုပါတော့
ပထမလမ်းက လွယ်ကူမယ်၊ ခက်ခဲမှု မရှိဘူး၊ နာကျင်မှုမရှိ စိန်ခေါ်မှုမရှိ သာသာယာယာပဲ။ နောက်ဆုံးမှာ တန်ဖိုးရှိတဲ့အရာလဲ ဘာမှမရှိဘူး။ တိုးတက်မှု၊ အောင်မြင်မှု ဘာမှမရှိ။ အချိန်တွေ ပြုန်းတီးသွားရုံပဲရှိမယ်။
ဒုတိယလမ်းကတော့ ခက်ခဲမယ်။ စည်းကမ်း၊ လေ့လာသင်ယူမှု၊ အားထုတ်မှုနဲ့ သည်းခံမှုတွေ လိုအပ်တယ်။ နောက်ဆုံးမှာ ကြီးမားတဲ့ အောင်မြင်မှုတွေ၊ စိတ်ကျေနပ်ရမှုတွေနဲ့ ပျော်ရွှင်မှုတွေကို ရရှိမယ်။
လူအများစုက ရလဒ်အမြန်လိုချင်ကြတဲ့အတွက် အလွယ်လမ်းကို ရွေးချယ်ကြတယ်။ ဒါပေမယ့် ခက်ခဲပြီး အဓိပ္ပါယ် ရှိတဲ့လမ်းကို ရွေးသူတွေကသာ ကြီးမားတဲ့ အောင်မြင်မှုတွေကို ရရှိကြတယ်။
အင်္ဂလိပ်စာကို လေ့လာချင်တဲ့ ကျောင်းသားနှစ်ယောက်နဲ့ ထပ်ပုံဖော်ပြပါမယ်။
ပထမကျောင်းသားက လွယ်ကူတဲ့လမ်းကို ရွေးတယ်။ ဗီဒီယိုအတိုတွေ ကြည့်တယ် စကားပြောနဲ့ပတ်သတ်ပြီး လေ့ကျင့်မှု မလုပ်ဘူး။ ခက်ခဲတဲ့အပိုင်းတွေဆို ကျော်ကြည့်တယ်။ သူ့ကိုသူ comfort zone ထဲကနေ တွန်းမထုတ်ဘူး။ တနှစ်ကြာတဲ့အခါ သူဟာ အင်္ဂလိပ်လို ပြောနိုင်ဖို့ ခက်ခဲနေတုန်းပဲ။
ဒုတိယ ကျောင်းသားက အဓိပ္ပါယ်ရှိတဲ့လမ်းကို ရွေးတယ်။ သူက နေ့တိုင်း လေ့ကျင့်တယ်၊ စာအုပ်တွေ ဖတ်တယ်။ စကားပြောကိုလည်း အမှားတွေပါလဲ ပြောတာပဲ။ အရှုံးမပေးဘူး။ တနှစ်ကြာတဲ့အခါမှာတော့ ယုံကြည်မှုရှိရှိနဲ့ ကျွမ်းကျင်စွာ ပြောနိုင်သွားတယ်။
ဒီတော့ အဓိပ္ပါယ်ရှိတဲ့လမ်းကို ရွေးတဲ့သူကပဲ အောင်မြင်တယ်။ အချိန်တိုအတွင်း ရမယ့် အောင်မြင်မှုတွေကို မရှာပါနဲ့။ အဲ့ဒီ့အစား တကယ့်တိုးတက်မှုနဲ့ ရေရှည်အောင်မြင်မှုကို အာရုံစိုက်ပါ။
ဒီရွေးချယ်မှုက အဓိပ္ပါယ်ရှိတာလား၊ အလွယ်လားဆိုတာ ကိုယ့်ကိုကိုယ် မေးပါ။ နားလည်ရမှာက အကောင်းဆုံးအရာတွေက အချိန်ပေးရပြီး အားထုတ်မှု လိုအပ်တယ်။ စိတ်ရှည်သည်းခံပြီး အဆက်မပြတ် ကြိုးစားရမယ်။
အောင်မြင်မှုဆိုတာ လမ်းတိုလေးမဟုတ်ပါဘူး။ ခက်ခဲရင်တောင် အဓိပ္ပါယ်ပြည့်စုံတဲ့ အရာကို ရွေးချယ်ခြင်း ဖြစ်ပါတယ်။
17/03/2025
12 RULES FOR LIFE
Rule 1: Compare Yourself to Who You Were Yesterday, Not to Who Someone Else is Today:
မနေ့က ရှိခဲ့တဲ့ မင်းနဲ့ မင်းကိုယ်မင်း နှိုင်းယှဉ်ပါ။ ဒီနေ့မှာ ရှိတဲ့ တခြားတစုံတယောက်နဲ့ မနှိုင်းယှဉ်ပါနဲ့။
လူတိုင်းက အမြဲတမ်း သူတို့ကိုယ်သူတို့ တခြားသူတွေနဲ့ နှိုင်းယှဉ်နေတဲ့ ကမ္ဘာကြီးမှာ ငါတို့ နေထိုင်အသက်ရှင်နေတယ်။ လူတွေက ဆိုရှယ်မီဒီယာကို သုံးပြီး တခြားသူတွေ ကမ္ဘာပတ်ပြီး ခရီးသွားနေတဲ့ပုံတွေ၊ ဈေးကြီးကားတွေ ၀ယ်နေတဲ့ပုံတွေ၊ ကြီးမားတဲ့ အောင်မြင်မှုတွေ ရယူနေတဲ့ပုံတွေကို မြင်တဲ့အခါ သူတို့ကိုယ်သူတို့ အရှုံးသမားတွေလို့ စတင် ခံစားလာရတယ်။
"ဘာလို့ ငါက သူတို့တွေလို မအောင်မြင်ရတာလဲ၊ ငါ့ဘ၀က ဘာလို့ သူတို့ဘ၀တွေလို မပြည့်စုံရတာလဲ" ဆိုပြီး သူတို့တွေ တွေးမိလာကြတယ်။ တကယ့် အမှန်တရားကတော့ "နှိုင်းယှဉ်ခြင်းက လူတွေကို မပျော်မရွှင်၊ မတက်မကြွဖြစ်စေတဲ့ အကြီးမားဆုံး အကြောင်းပြချက်တွေထဲက တခု" ဖြစ်တယ်။
မင်းက မင်းကိုယ်မင်း တခြားသူတွေနဲ့ နှိုင်းယှဉ်နေတယ်ဆိုရင် မင်းဟာ မှားယွင်းတဲ့ အရာပေါ်မှာ အာရုံစိုက်မိနေတာ ဖြစ်တယ်။ မင်းရဲ့ ကိုယ့်ကိုယ်ကို တိုးတက်စေမှုနဲ့ ပတ်သတ်ပြီး တွေးနေရမယ့်အစား မင်းရဲ့ ဘ၀ဖြတ်သန်းပုံနဲ့ လုံး၀ခြားနားတဲ့ တခြားတစုံတယောက်ရဲ့ ဘ၀ဖြတ်သန်းပုံကို မင်းကြည့်မိနေတာ ဖြစ်တယ်။
ဒီ rule က ငါတို့ကို ပြောတာသည် မင်းကိုယ်မင်း နှိုင်းယှဉ်သင့်တဲ့ တယောက်တည်းသော သူဟာ အတိတ်မှာ ရှိခဲ့တဲ့ မင်းပဲ ဖြစ်တယ်။ မင်းကိုယ်မင်း မေးသင့်တဲ့ မေးခွန်းက ငါက အဲ့ဒီလူထက် ပိုတော်လားလို့ မေးရမှာ မဟုတ်ပါဘူး။ မနေ့က ရှိခဲ့တဲ့ ငါထက် ဒီနေ့ ငါက ပိုတော်လားလို့ မေးရမှာ ဖြစ်တယ်။
လူနှစ်ယောက်နဲ့ ပုံဖော်ကြည့်ပါ။ ပထမလူဟာ မနက် နိုးတာနဲ့ ဆိုရှယ်မီဒီယာကြည့်၊ ဆိုရှယ်မီဒီယာမှာ ခန္ဓာကိုယ် လှတဲ့သူတွေ၊ ဇိမ်ခံအိမ် ပိုင်တဲ့ လူတွေ၊ follower သန်းချီ ရှိတဲ့လူတွေကို တွေ့တဲ့အခါ သူ့ကိုယ်သူ ညံ့တယ်လို့ ခံစားရလာတယ်။ တက်တက်ကြွကြွ မရှိတော့ဘူး။ ပြီးတော့ ငါ သူတို့လို ဘယ်တော့မှ အောင်မြင်မှာမဟုတ်ဘူးလို့ တွေးမိလာတယ်။
ဒုတိယလူကတော့ သူ့ကိုယ်သူ တခြားသူတွေနဲ့ နှိုင်းယှဉ်မယ့်အစား မနေ့ကရှိခဲ့တဲ့ သူနဲ့ပဲ သူ့ကိုယ်သူ နှိုင်းယှဉ်တယ်။ ဒီနေ့ ငါ တိုးတက်မှုရှိလား။ အသစ်တခုခုကို လေ့လာနေလား။ ငါ ရှေ့ကို ရွေ့နေလား(မည်မျှပင် သေးငယ်ပါစေ) ဆိုပြီး သူ့ကိုသူ အမြဲမေးတယ်။
ဘယ်သူက တိုးတက်လာပြီး နောက်ဆုံးမှာ အောင်မြင်မယ်လို့ မင်းထင်လဲ။ သေချာတာတော့ ဒုတိယလူပါ။ ဘာလို့လဲဆိုတော့ မနာလို အားကျပြီး အချိန်ကုန်ခံမယ့်အစား သူ့ရဲ့ ကိုယ်ပိုင်ဘ၀ဖြတ်သန်းမှုကို အာရုံစိုက်ထားလို့ပါပဲ။
ကျောင်းသားနှစ်ယောက်ကို ကြည့်ရအောင်။ နှစ်ယောက်လုံးက အင်္ဂလိပ်စာကို လေ့လာဖို့ ကြိုးစားနေကြတယ်။
ပထမ ကျောင်းသားက YouTube မှာ နာမည်ကြီးတဲ့ အင်္ဂလိပ်စာ နည်းပြတွေရဲ့ video တွေကိုကြည့်ပြီး ငါ သူတို့လို ဘယ်တော့မှ ပြောနိုင်မှာ မဟုတ်ဘူး။ ငါ့အင်္ဂလိပ်လို ပြောနိုင်စွမ်းက အတော်ဆိုးတယ်လို့ တွေးတယ်။ သူဟာ စိတ်ပျက်အားလျော့၊ ကိုယ့်ကိုကိုယ် ယုံကြည်မှု နည်းလာပြီး နောက်ဆုံးမှာ လေ့လာမှုကို ရပ်လိုက်တဲ့ အထိ ဖြစ်လာတယ်။
ဒုတိယ ကျောင်းသားကတော့ သူ့ကိုယ်သူ အတိတ်မှာ ရှိခဲ့တဲ့ သူနဲ့ပဲ နှိုင်းယှဉ်တယ်။ သူ့ကိုယ်သူပြောတာက မနေ့က ငါ အင်္ဂလိပ်စာလုံး ၁၀လုံးပဲ သိတယ်။ ဒီနေ့ ငါ နောက်ထပ် အသစ် ၅လုံး လေ့လာပြီးပြီ။ ပြီးခဲ့တဲ့လက ငါ အင်္ဂလိပ်စာကြောင်းတခုတောင် မတည်ဆောက်နိုင်ဘူး။ အခုတော့ ငါ အင်္ဂလိပ်စာကြောင်း နှစ်ကြောင်းအထိ ငါ ပြောနိုင်ပြီ။ သူဟာ တက်ကြွပျော်ရွှင်မှုကို ခံစားရတယ်။ လေ့လာမှုကို ဆက်လုပ်ပြီး အချိန်တခု ကြာလာတဲ့အခါ သူဟာ ကျွမ်းကျင်လာတယ်။
ခြားနားမှုကတော့ တယောက်က အခြားလူတွေကို အာရုံစိုက်နေပြီး တယောက်ကတော့ ကိုယ့်ရဲ့တိုးတက်မှုကိုပဲ အာရုံစိုက်နေတာ ဖြစ်တယ်။
ဒီ rule ကို ဘယ်လို အသုံးချမလဲ။ နေ့တိုင်း မနေ့ကထက် ပိုတိုးတက်အောင် လုပ်တဲ့အရာတခုကို ချရေးပါ။ သေးငယ်တဲ့တိုးတက်မှုလေးဖြစ်ပါစေ ချရေးပါ။
မင်းရဲ့ ဘ၀ကို ဆိုရှယ်မီဒီယာမှာ တွေ့ရတဲ့ လူတွေနဲ့ နှိုင်းယှဉ်တာ ရပ်ပါ။ သူတို့ရဲ့ ဘ၀ဖြတ်သန်းပုံတွေက မင်းရဲ့ ဘ၀ ဖြတ်သန်းပုံနဲ့ မတူပါဘူး။
အောင်မြင်ချင်ရင် နေ့တိုင်း 1% တိုးတက်အောင်လုပ်ပါ။ သေးငယ်တဲ့ တိုးတက်မှုတွေက အချိန်တခုကြာလာတဲ့အခါ ကြီးမားတဲ့ အောင်မြင်မှုတွေကို ဖန်တီးပေးလိမ့်မယ်။
မနာလို အားကျစိတ်တွေကို ခံစားနေမယ့်အစား မင်းရဲ့ ကိုယ်ပိုင်တိုးတက်မှုကို အာရုံစိုက်တဲ့အခါ မင်းဟာ တက်ကြွလာမယ်၊ အားအင်အပြည့် ဖြစ်လာမယ်။ ပြီးတော့ unstoppable မင်းကို ဘယ်သူမှ မရပ်တန့်နိုင် မတားဆီးနိုင်တော့ပါဘူး။
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Hmawbi
11361