Black Colour
21/12/2022
かわいい子には旅をさせよ!
ကိုယ့်ရင်ထဲကဖြစ်တည်လာတဲ့၊ ကိုယ်ချစ်ရတဲ့သားသမီးကိုခရီးသွားခိုင်းပါတဲ့ ..
ဟိုးအရင်တုန်းကခရီးသွားခြင်းဆိုတာ အခုလို Google ခေါက်ပြီးသွားကြဖို့ မလွယ်ကူခဲ့တဲ့အချိန်တွေပါ ။ ခရီးသွားတယ်ဆိုတာ အဲဒီခေတ်အခါတုန်းကပျော်စရာတွေရတာထက် အခက်အခဲတွေ ၊ challenge တွေ၊ ရင်ဆိုင်ဖြေရှင်းရခြင်းတွေပိုများခဲ့တဲ့ကာလတွေဖြစ်ခဲ့ပါတယ်..
ဒါ့ကြောင့်မို့လို့ ခရီးသွားခြင်းအားဖြင့် အခက်အခဲပြဿနာတစ်ခုကိုရင်ဆိုင်ဖြေရှင်းပုံတွေ ၊ ဒေသန္တရဗဟုသုတတွေ အများကြီးရပြီး လူတွေဟာပိုမိုပြီး growth ဖြစ်လာတယ်။ အတွေ့အကြုံတွေရလာတယ် ။ ပိုပြီး အသိဥာဏ်ပညာကြွယ်ဝပြီး ရင့်ကျက်လာကြတယ်လို့ဆိုပါတယ်
ဒါကြောင့်မို့လို့ ဂျပန်စကားပုံမှာ ကိုယ်ချစ်ရတဲ့သားသမီးကို ငယ်စဉ်အခါမှာ အခက်အခဲတွေနဲ့ များများရင်ဆိုင်ခိုင်းပါ ဆိုတာကို ခရီးသွားခြင်းနဲ့တင်စားထားတာဖြစ်ပါတယ် ..
မိဘတွေကသားသမီးကိုချစ်တယ်ဆိုတာကို ဘယ်လို definition ဖွင့်ကြပါသလဲ
မြန်မာလူမျိုးမိဘအများစုဟာ သားသမီးကိုချစ်တယ်ဆိုရင် လိုလေသေးမရှိ ခေါင်းအစခြေအဆုံးအကုန်ဖြည့်ဆည်းပေးပြီး ကိုယ့်နားမှာပဲထားချင်ကြပါတယ်။ ကျနော်ကိုယ်တိုင်အခုကလေးတစ်ယောက်ရပြီးတွေးမိလာတာကတော့ သားသမီးကိုကိုယ့်နားမှာပဲရှိစေချင်တာဟာ သားသမီးကို တကယ်မချစ်ဘဲ ကိုယ့်ကိုယ်ကိုချစ်နေကြတာပါလားပေါ့.. ကိုယ်ချစ်တဲ့သားသမီးကိုမြင်နေရလို့ကိုယ်စိတ်ပျော်တယ် ဆိုတာ ကိုယ့်ကိုယ်ကိုစိတ်ချမ်းသာစေချင်တာ သားသမီးကိုချစ်ရာမရောက်ဘဲ နှစ်ရာရောက်ပါတယ်
မိဘကလိုလေသေးမရှိထားထားတဲ့ comfort zone မှာကြီးလာတဲ့တစ်နည်းရုန်းမထွက်နိုင်ကြတဲ့သားသမီးတွေဟာ အချိန်တန်အရွယ်ရောက်လာတဲ့အခါ ပညာဗဟုသုတ၊ ဘဝဗဟုသုတ ၊ အခက်အခဲကြုံလာရင် ရင်ဆိုင်ဖြေရှင်းနည်း တစ်ခုမဟုတ်တစ်ခုအားနည်းတတ်ပါတယ်။
ငွေရေးကြေးရေး ၊ စားဝတ်နေထိုင်ရေး စတဲ့ အခြေခံလိုအပ်ချက်တွေဖူလုံအောင်ထားပေးနိုင်ဖို့လည်းအရေးကြီးသလို လူ့ဘဝအကြောင်းကိုနားလည်ဖို့၊ လူတွေရဲ့အကြောင်းကိုသိဖို့ ၊ အမြင်ကျယ်ဖို့ ၊ လူဝင်ဆန့်ဖို့ စတာတွေကိုလည်း သင်ပေးနိုင်ရမှာဖြစ်ပါတယ်
ကျနော်ကလေးဘဝတုန်းက စည်းကမ်းကြီးတဲ့မိဘတွေနဲ့ကြီးပြင်းခဲ့ရလို့ ဂျပန်မှာ Master တက်ချင်တာ PhD တက်ချင်တာ စတဲ့အိမ်မက်တွေဟာကိုယ်နဲ့အဝေးကြီးမှာဖြစ်ခဲ့ရလို့အတော်စိတ်ပင်ပန်းဆင်းရဲခဲ့ရပါတယ်။ မိဘလိုလေသေးမရှိထားတဲ့နေရာမှာနေနိုင်တဲ့နေချင်တဲ့သားသမီးတွေရှိသလို ဘဝအတွေ့အကြုံဗဟုသုတတွေရှာမှီးချင်တဲ့ traditional way ကနေထပ်တစ်လှမ်းတိုးချင်တဲ့သားသမီးတွေလည်းရှိတတ်ပါတယ်။
ကျနော်ကိုယ်တိုင် ခုချိန်မှာ ကလေးတစ်ယောက်ရပြီးအိမ်ထောင်သည်တစ်ယောက်အနေနဲ့ master ဆက်တက်ရတာ PhD ဆက်တက်ရတာ တကယ်ကို မိသားစုတစ်ဖက် ၊ business တစ်ဖက်၊ ကျောင်းစာတစ်ဖက်နဲ့ life ကို balance ညီအောင်သွားဖို့အတော်ခက်ခဲတာပါ
ဒါကြောင့်အခုအသက်အရွယ်မှာ မိဘနေရာရောက်တဲ့သူတွေကိုလည်း ကလေးတွေကို ဝေးဝေးသွားခိုင်းပါ ၊ မြင့်မြင့်ပျံခိုင်းပါ လောကကြီးကို ဟိုးအဝေးကြီးထိကြည့်မြင်ခိုင်းပါလို့ အကြံပေးဖြစ်သလို
သားသမီးနေရာရောက်နေတဲ့သူတွေကိုလည်း single ဘဝမှာ ပညာသာမက ဘဝအတွေ့အကြုံတွေအများကြီးရှာမှီးဖို့အကြံပေးဖြစ်ပါတယ်
ဘာလို့လဲဆိုတော့ ကျနော်ငယ်ဘဝကမဖြစ်ခဲ့ရတဲ့အိမ်မက်တွေကို ကလေးတိုင်းကို မက်ခွင့်ရစေချင်သလို ၊ မိဘတွေကိုလည်း သားသမီးတွေရဲ့ အိမ်မက်ကိုတတ်နိုင်သလောက်နားလည်ပေးပြီး အိမ်မက်မက်ခွင့်ပေးစေချင်ပါတယ်
かわいい子には旅をさせよ!ဆိုတဲ့အတိုင်း
ကိုယ့်သားသမီးတွေကိုချစ်ရင်
ဝေးဝေးပြေးခိုင်းပါ
မြင့်မြင့်ပျံသန်းခိုင်းပါ
လောကကြီးကို ကိုယ့််အိမ်ကပြတင်းပေါက်ကမြင်ရတဲ့မြင်ကွင်းအပြင် တခြားရှုထောင့်တွေကနေလည်း ကြည့်ခိုင်းတတ်တဲ့မိဘတွေဖြစ်ကြပါစေ ……..
ကောင်းသောနေ့လေးဖြစ်ပါစေ ☘️
𝗣𝗵𝗼𝗼
𝗜𝗻𝘀𝗽𝗶𝗿𝗲𝗱 𝗯𝘆 𝗧𝗲𝗮𝗰𝗵𝗶𝗻𝗴 🦋
01/11/2022
皆さん、おやすみなさい。
Click here to claim your Sponsored Listing.