Tavoy Media

Tavoy Media

Share

29/10/2024

သရက်ချောင်းကို စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေ

နေအိမ်တွေကို မီးရှို့ပြီး သံဃာနဲ့ အရပ်သားတွေကို ဖမ်းထား

ထားဝယ် ၊ အောက်တိုဘာလ -၂၉ရက်

သရက်ချောင်းမြို့နယ်က ဥတ္တူကျေးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး နေအိမ်နှစ်ဆောင်ထက်မနည်းကို မီးရှို့ခဲ့တဲ့အပြင် သံဃာတစ်ပါးနဲ့ အရပ်သားတွေကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေကဆိုပါတယ်။

အခုလ ၂၅ ရက်နေ့ကတည်းက သရက်ချောင်းမြို့နယ်ထဲကို ရောက်နေတဲ့ စစ်ကောင်စီတပ်သားတွေဟာ မနေ့ကမနက်ပိုင်းမှာ ဥတ္တူရွာထဲကို အင်အား ၇၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးခဲ့တာပါ။

အဲဒီနောက်မနေ့က တစ်နေကုန်ရွာထဲမှာရှိတဲ့အိမ်တွေကို မွှေနှောက်ခဲ့ပြီး ‌နေအိမ်နှစ်ဆောင်ထက်မနည်းကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

"အိမ်ကနှစ်ဆောင်ရှို့ထားတယ်။ ထပ်ရှို့ထားတယ်လို့လည်းကြားတယ်။ အရင်နေ့က ရွာထဲပိုင်းကိုလက်နက်ကြီးတွေ အရင်ကျတယ်။ ပြီးမှစစ်ကြောင်းဝင်တာ" လို့ အနီးအနားရွာမှာနေထိုင်တဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေကြောင့် ဥတ္တူရွာခံအများစု နီးစပ်ရာကို အရေးပေါ်ထွက်ပြေးနေရတယ်လို့ သူကဆက်ပြောပါတယ်။

အဲဒီစစ်ကောင်စီတပ်သားတွေဟာ ရွာခံတချို့နဲ့ ဘုန်းကြီးတစ်ပါးကိုလည်း မနေ့ကမနက်ပိုင်းကတည်းက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

"ဘုန်းကြီးကို လက်ပြန်ကြိုးပါချည်ထားတယ်တဲ့။ အဆက်သွယ်ပြတ်နေတော့ ဘယ်ဘုန်းကြီးလဲမသိသေးဘူး။ ရွာသားတွေလည်း ဖမ်းထားသေးတယ်" လို့ တိမ်းရှောင်နေတဲ့ ဥတ္တူရွာခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ ဒေသခံအရေအတွက်ကိုလည်း တိတိကျကျမသိရသေးပါဘူး။

ရွာထဲက နေအိမ်အများအပြားကိုလည်းမွှေနှောက်ပြီး အိမ်ထဲကပစ္စည်းတွေကို စစ်ကောင်စီတပ်က ကားတွေနဲ့ တင်ဆောင်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

"အကုန်ပြေးနေတော့ အဆက်အသွယ်ပြတ်နေတယ်။ တော်တော်စိတ်ပူနေရတယ်။ အိမ်နဲ့လည်းအဆက်အသွယ်မရဘူး" လို့ တခြားနေရာကိုရောက်နေတဲ့ ဥတ္တူရွာခံ တစ်ဦးက ပြောပါတယ်။

အဲဒီစစ်ကောင်စီတပ်သားတွေဟာ သရက်ချောင်းမြို့နယ်ကို ရောက်တဲ့အချိန်ကတည်းက စစ်ကြောင်းနဲ့တွေ့တဲ့ ဒေသခံနဲ့ လမ်းသွားလမ်းလာအားလုံးနီးပါးကို လက်ကိုင်ဖုန်းတွေ အဓိကထားစစ်ဆေးနေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

လက်ရှိအချိန်ထိ တော်လှန်‌ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိသေးပေမဲ့ စစ်ကြောင်းရောက်လာကတည်းက စစ်ကောင်စီတပ်သားတွေ တစ်ဖက်တည်း လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ခတ်နေတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

အဲဒီလို စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အခုလ ၂၅ ရက်နေ့မှာ သရက်နှစ်ခွရွာလယ်ပိုင်းက ဘုန်းကြီးကျောင်းဆောင်တစ်ခုလည်း ၆၀ မမ ဗုံးသီးကျရောက်ပြီး ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။

ဒီနေ့ နေ့လယ်ပိုင်းအထိလည်း စစ်ကောင်စီတပ်သားတွေ ဥတ္တူကျေးရွာနဲ့ သရက်နှစ်ခွကျေးရွာတစ်ဝိုက်မှာ ဆက်ရှိနေတယ်လို့ ဒေသခံတွက ဆိုပါတယ်။

သရက်ချောင်းမြို့နယ်တဆက်တည်းဖြစ်တဲ့ ပုလောမြို့နယ်မှာလည်း အခုလအလယ်ပိုင်းကစလို့ ဒီနေ့အထိ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေပါတယ်။

The Tanintharyi Times

ပုံစာ - ၂၀၂၃ ခုနှစ်က ဥတ္တူရွာမှာ နေအိမ်မီးရှိုခံရတဲ့ ပုံဟောင်း။

13/08/2024

သရက်ချောင်းမြို့နယ်က လွှတ်တော်ကိုယ်စားလှယ်ဟောင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံ၏သား မူးယစ်ဆေးဝါးများနဲ့ ဖမ်းဆီးခံရ

ထားဝယ် ၊ ဩဂုတ်လ - ၁၃ရက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊သရက်ချောင်းမြို့နယ် NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ယခုလက်ရှိ တော်လှန်ရေးကာလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရမှ ဖွဲ့စည်းထားသော သရက်ချောင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)တာဝန်ခံ ဦးဌေးလွင်၏ သားကို မူးယစ်ဆေးဝါးများဖြင့် PDF တပ်ဖွဲ့တစ်ခုက ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရပါတယ်။

ဩဂုတ်လ ၁၀ရက်နေ့ ည၉နာရီဝန်းကျင်အချိန်ခန့်တွင် သရက်ချောင်းမြို့နယ်အတွင်းက ကျေးရွာတစ်ရွာရှိ အသုဘအိမ်ဖဲဝိုင်းကို ဒေသခံမဟုတ်တဲ့ လူစိမ်းတစ်ဦးရောက်ရှိလာကြောင်း ဒေသခံများက နယ်မြေအတွင်းရှိ PDFတပ်ဖွဲ့ကို သွားရောက်တိုင်ကြားခဲ့ဖြင့် PDFတပ်ဖွဲ့ဝင်များက လာရောက်၍ စစ်ဆေးမေးမြန်းရန် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရပါတယ်။

ဖမ်းဆီးခေါ်ဆောင်ခံရသော အမျိုးသားမှာ အရက်မူးလွန်၍ စကားများကို ဗရမ်းဗဒါပြောဆိုနေသဖြင့် PDF တပ်ဖွဲ့ဝင်များက သူ၏ခန္တာကိုယ်ပေါ်တွင် စစ်ဆေးရာ မူးယစ်ဆေးဝါးများတွေ့ရှိရပြီး အဆိုပါအမျိုးသားမှာ သရက်ချောင်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဌေးလွင်၏ သားဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ ဖမ်းဆီးခံရသူအမျိုးသားအား ဖမ်းဆီးထားသော PDFတပ်ဖွဲ့မှ သူ၏ ဖခင်နှင့် ပက်သက်သော PDFတပ်ဖွဲ့တစ်ခုဆီသို့ လွဲပြောင်းပေးသွားမည်ဖြစ်ကြောင်း ၎င်းတပ်ဖွဲ့နှင့် ရင်းနှီးသူများထံမှ သိရပါတယ်။

Photos from Tavoy Media's post 29/05/2024

တနင်္သာရီတိုင်းမှာ သုံးနှစ်အတွင်း NUG ကွပ်ကဲမှုအောက်က ပြည်သူ့ကာကွယ်ရေး ရဲဘော် ၁၂၀ နီးပါးကျဆုံး

ထားဝယ် ၊ မေလ - ၂၈ရက်

တနင်္သာရီတိုင်းထဲမှာ သုံးနှစ်အတွင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်မှာရှိတဲ့ တပ်ရင်းတွေနဲ့ ပကဖအဖွဲ့တွေက ‌ရဲဘော် စုစုပေါင်း ၁၁၈ ဦးကျဆုံးခဲ့တယ်လို့ တနင်္သာရီတိုင်း စစ်ဌာနနဲ့ တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်‌ရေးအဖွဲ့တို့က ထုတ်ပြန်ပါတယ်။

တိုင်းထဲက NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲ့ တပ်ရင်း ၅ ရင်းမှာတော့ သုံးနှစ်အတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော် ၅၅ ဦးကျဆုံးခဲ့တယ်လို့ တနင်္သာရီ တိုင်းစစ်ဌာန ကဆိုပါတယ်။

အဲဒီအရေအတွက်ဟာ NUG ရဲ့တပ်ရင်းတွေစတင်ဖွဲ့စည်းတဲ့ ၂၀၂၁ မေလ ၅ ရက်နေ့ကနေ အခု ၂၀၂၄ မေလ ၅ ရက်နေ့အထိ ကျဆုံးမှုအရေအတွက် ဖြစ်ပါတယ်။

တနင်္သာရီတိုင်းထဲက ခရိုင်သုံးခုမှာ ဇုန်အလိုက် ထားဝယ်ခရိုင်တပ်ရင်း ၁၊ ထားဝယ်ခရိုင်တပ်ရင်း ၂၊ မြိတ်ခရိုင်တပ်ရင်း ၁၊ မြိတ်ခရိုင်တပ်ရင်း ၂ နဲ့ ကော့သောင်းခရိုင် တပ်ရင်း ၁ တို့ရှိပါတယ်။

ပြီးခဲ့တဲ့သုံးနှစ်အတွင်း ကျဆုံးမှုအများဆုံးကတော့ မြိတ်ခရိုင် တပ်ရင်း ၁ နဲ့ မြိတ်ခရိုင် တပ်ရင်း ၂ မှာဖြစ်ပြီး ကျဆုံးရဲဘော် ၃၅ ဦးအထိရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မြိတ်ခရိုင်တပ်ရင်း ၁ ရဲ့ပြန်ကြားရေးတာဝန်ခံ ရဲဘော်အာနိုးကတော့ ၂၀၂၃ ခုနစ်ထဲမှာလုပ်ဆောင်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ထိုးစစ်ဆင်တဲ့ ကာလအတွင်းမှာ အဓိကရဲဘော်တွေထိခိုက်ကျဆုံးမှုများခဲ့တာလို့ ဆိုပါတယ်။

“အရင်ကလို ပြောက်ကျားတိုက်ခိုက်တာမဟုတ်ဘဲ ထိုးစစ်ကာလရန်သူနဲ့ထိပ်တိုက်စတွေ့တဲ့အချိန်တွေမှာ ကျည်ဆံနဲ့ လက်နက်ခဲယမ်းမလုံလောက်တာ‌တွေကြောင့်ပါ။ အဲဒီလို ရဲ‌ဘော်တွေပေးဆပ်ခဲ့တာကြောင့်ပဲ လက်ရှိ ပုလောမြို့နယ်နဲ့ဆက်စပ်တဲ့ ပြည်ထောင်စုလမ်းပိုင်းကို ကျနော်တို့စိုးမိုးထားနိုင်တာပါ” လို့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်အာနိုးက ပြောပါတယ်။

အဲဒီစာရင်းထုတ်ပြန်ပြီးနောက် အခုလ ၂၀ ရက်နေ့မှာလည်း ထားဝယ်ခရိုင်တပ်ရင်း ၂ က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲ‌ဘော်ဟိန်းထက်၊ ရဲဘော်ရဲရင့်နဲ့ ရဲဘော် ‌ရောင်နီတို့ကျည်ထိမှန်ပြီး ကျဆုံးခဲ့ပါတယ်။

NUG လက်အောက်ခံ တပ်ရင်းတွေအပြင် တိုင်းတွင်းမှာ မြို့နယ်အလိုက်ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ ရဲဘော် ၆၀ ဦးလည်း သုံးနှစ်နီးပါးကာလအတွင်းကျဆုံးခဲ့တယ်လို့ တနင်္သာရီတိုင်း ပကဖက ထုတ်ပြန်ထားပါတယ်။

အဲဒီအရေအတွက်ဟာ ၂၀၂၁ ဇွန်လ ၂၅ ရက်နေ့ ပကဖအဖွဲ့တွေ စတင်တည်ထောင်ခဲ့ချိန်ကစလို့ လက်ရှိအချိန်ထိ ကျဆုံးမှုအရေအတွက်ဖြစ်တယ်လို့ တိုင်းပကဖရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

တနင်္သာရီတိုင်းအတွင်း ပကဖရဲ‌ဘော်တွေကျဆုံးမှုဟာ ကျွန်စုမြို့နယ်ကလွဲလို့ ကျန်တဲ့မြို့နယ်ကိုးခုဖြစ်တဲ့ ထားဝယ်၊ သရက်ချောင်း၊ လောင်းလုံး၊ ရေဖြူ၊ ပုလော၊ မြိတ်၊ တနင်္သာရီ၊ ကော့သောင်း၊ ဘုတ်ပြင်းမြို့နယ်တွေမှာ ရှိခဲ့တာဖြစ်ပါတယ်။

ရဲဘော်ကျဆုံးမှုအများဆုံးကတော့ သရက်ချောင်းမြို့နယ်ဖြစ်ပြီး သုံးနှစ်အတွင်း ၂၀ ဦးကျဆုံးခဲ့ပါတယ်။ ဒုတိယအများဆုံးကတော့ လောင်းလုံးမြို့နယ်မှာတော့ ရဲဘော် ၁၄ ဦးအထိကျဆုံးခဲ့တယ်လို့ တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အခုဖော်ပြထားတဲ့ ကျဆုံးရဲဘော် ၁၁၈ ဦးဟာ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ တိုင်းတွင်းက တပ်ရင်းတွေနဲ့ ပကဖအဖွဲ့တွေရဲ့ ရဲဘော်ကျဆုံးမှု အရေအတွက်သာဖြစ်ပြီး Local PDF အဖွဲ့တွေနဲ့ တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ရဲဘော်ကျဆုံးမှုအရေအတွက် မပါဝင်သေးပါဘူး။

ဒါ့အပြင် PDFနဲ့ ပကဖ မတည်ထောင်ခင် ကျဆုံးခဲ့တဲ့ ရဲဘော်စာရင်းလည်း မပါဝင်သေးဘူးလို့ တနင်္သာရီတိုင်း စစ်ဌာနနဲ့ တိုင်းပကဖရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။

တနင်္သာရီတိုင်းမ်က စုစည်းထားတဲ့အချက်အလက်တွေအရ ပြီးခဲ့တဲ့ ၂၀၂၂ ခုနစ်နဲ့ ၂၀၂၃ ခုနစ် နှစ်နှစ်အတွင်း နှစ်ဖက်တိုက်ပွဲတွေ၊ လက်နက်ကြီးနဲ့မိုင်းမတော်တဆဖြစ်တာတွေနဲ့ အချင်းချင်းဖြစ်တဲ့ ပစ်ခတ်မှုတွေကြောင့် တော်လှန်ရေးရဲဘော် ၁၃၀ ဝန်းကျင်ကျဆုံးခဲ့ပါတယ်။

အခုနှစ်မှာလည်း တနင်္သာရီတိုင်းမှာ စခန်းသိမ်းတိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးမှုများပြားနေသလို တော်လှန်ရေးတပ်တွေဘက်ကလည်း ထိခိုက်ကျဆုံးတာတွေရှိနေပါတယ်။

စစ်ကောင်စီတပ်ကတော့ အခုနှစ်အတွင်း ကြည်း၊ ရေ၊ လေ တပ်‌တွေ အသုံးပြု တိုက်ခိုက်တာတွေကို ဆက်တိုက်လုပ်ဆောင်နေပါတယ်။

တော်လှန်ရေးတပ်တွေကလည်း တိုင်းတွင်းက တော်လှန်ရေးတပ်ဖွဲ့ပေါင်း ၈၀ ကျော်စစ်ရေးအရပူးပေါင်းသွားမှာဖြစ်ပြီး စစ်ဆင်ရေးတွေကိုလည်း အရှိန်မလျှော့ဘဲလုပ်‌ဆောင်သွားမယ်လို့ ပူးပေါင်းစစ်ဆင်ရေးတွေကို ဦးဆောင်‌ကွပ်ကဲနေသူ KNLA ပူးတွဲတပ်ရင်းမှူး စောမှူးဂေက တနင်္သာရီတိုင်းမ်ကို ပြောဆိုထားပါတယ်။

The Tanintharyi Times

ပုံစာ - တနင်္သာရီတိုင်းအတွင်းက ကျဆုံးရဲ‌ဘော်တချို့ရဲ့ စျာပန။

Photos from Tavoy Media's post 10/05/2024

ကနက်သီရိကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်း ရေကြောင်းအသုံးပြု၍ ထပ်မံတိုက်ခိုက်၊ အပြစ်မဲ့ပြည်သူ (၃)ဦး သေဆုံး

ထားဝယ် ၊ မေလ - ၁၀ရက်

တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်၊သရက်ချောင်းမြို့နယ်၊ကနက်သီရိကျေးရွာ(နတ်ဆိရွာ)ကို ယနေ့ (၁၀.၅.၂၀၂၄) နေလည် ၁၂နာရီ ၁၅မီနစ်အချိန်ခန့်တွင် စစ်ကောင်စီတပ်က လေကြောင်း၊ ရေကြောင်းအသုံးပြု၍ ဗုံးသီး အလုံး(၂၀)ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှသိရပါတယ်။

ကနက်သီရိကျေးရွာတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေခြင်းမရှိပဲ စစ်ကောင်စီလေကြောင်းမှ ဟိုက်စကီး(၂)စီးနှင့် ဂျက်ဖိုက်တာ(၁)စီးတို့ သက်သက်မဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ရေကြောင်းမှ စစ်သင်္ဘောများမှလည်း လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကနက်သီရိကျေးရွာက အမျိုးသားတစ်ဦးက Tavoy Media ကိုပြောပါတယ်။

စစ်ကောင်စီတပ်၏ လေကြောင်း၊ရေကြောင်းတိုက်ခိုက်မှုကြောင့် အသက်(၄၀)ကျော်အရွယ် ကိုနောင်ဂေါ၊ အသက်(၄၀)အရွယ် ကိုနိုင်ကြီးနှင့် အသက် (၄၅)နှစ်ဝန်းကျင်အရွယ် ကိုညီဦးတို့ ထပ်မံအသက်ဆုံးရှုံးခဲ့တယ်ဟု ၎င်းအမျိုးသားက ရှင်းပြပါတယ်။

"သေဆုံးသူ(၃)ယောက်စလုံးကို သေဆုံးပြီးပြီးခြင်းမှာပဲ မီးသင်္ဂြိုလ်လိုက်တယ်"လို့ ၎င်းကပြောပါတယ်။

ကနက်သီရိကျေးရွာတွင် ယခုလ ၈ရက်နေ့ကလည်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်(၁၆)နှစ်ရွယ် ကလေးငယ် မောင်ပိုင်စိုးသူနှင့်မောင်ဟိန်းပြည့်ဖြိုးတို့ နှစ်ဦး အသက်ဆုံးရှုံးခဲ့ရပြီး ယနေ့ ၁၀ရက်နေ့တွင်လည်း နောက်ထပ် (၃)ဦး ထပ်မံအသက်ဆုံးရှုံးခဲ့ရလို့ စုစုပေါင်းသေဆုံးသူ (၅)ဦးအထိရှိလာပြီဖြစ်ပါတယ်။

Tavoy Media

Want your business to be the top-listed Media Company in Dawei?
Click here to claim your Sponsored Listing.

Telephone

Address

Dawei